• ကမ္ဘာ့အမြန်ဆုံး AI စူပါကွန်ပျူတာသစ်တစ်မျိုး Meta ဖန်တီးနေ

Meta ရဲ့ Metaverse တစ်ခု ဖန်တီးရေးမှာပါ အရေးပါတဲ့ အင်ဂျင်တစ်လုံး ဖြစ်လာနိုင်ပါတယ်။

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကမ္ဘာ့အမြန်ဆုံးဖြစ်လာမယ့် AI စူပါကွန်ပျူတာသစ်တစ်မျိုး တည်ဆောက်နေတယ်လို့ ဆိုပါတယ်။ 


Meta ရဲ့ AI စူပါကွန်ပျူတာဟာ မျိုးဆက်သစ် Machine Learning Systems တွေကို လေ့ကျင့်ပေးဖို့ အထူး ဒီဇိုင်းထုတ်ထားတဲ့ မြန်နှုန်းမြင့်ကွန်ပျူတာဖြစ်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးစူပါကွန်ပျူတာ ဖြစ်ဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Meta ကုမ္ပဏီဟာ ဒီနှစ်နောက်ပိုင်းမှာ AI Research SuperCluster (RSC) ကို အပြည့်အဝတည်ဆောက်ပြီးတာနဲ့ mixed precision တွက်ချက်မှု 5 exaflops (1 exaFlops မှာ တစ်စက္ကန့် floating-point လုပ်ဆောင်ချက် ၁ quintillion- ၁ အနောက် သုည ၁၈ လုံး) နီးပါး လုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာဖြစ်လာမယ်လို့ ယုံကြည်နေတာပါ။ 



"ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာ ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ကွန်ပျူတာတစ်လုံး Meta က တည်ဆောက်နေပါတယ်။ ဒီကွန်ပျူတာကို AI Research SuperCluster ကို ရည်ရွယ်ပြီး RSC လို့ ခေါ်ထားပါတယ်။ ဒီနှစ်အကုန်လောက်မှာ ပြီးစီးဖို့ရှိပါတယ်။" လို့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ပြီးစီးဖို့ရှိတဲ့ RSC ကွန်ပျူတာဟာ NVIDIA A100 Modules ပေါင်း ၇၆၀ ထဲမှာ ဂရပ်ဖစ်လုပ်ဆောင်မှုယူနစ်ပေါင်း ၆၀၈၀ ခု ထည့်သွင်းထားပြီး AI လုပ်ဆောင်ချက်တွေအတွက် အမြန်ဆုံးစက်တစ်လုံး ဖြစ်လာမယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ ဒါဟာ လက်ရှိကမ္ဘာ့ပဉ္စမမြောက်အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် သတ်မှတ်ခံထားရတဲ့ Perlmutter စူပါကွန်ပျူတာလိုပဲ NVIDIA GPUs ၆၀၀၀ ကျော် သုံးထားတာ ဖြစ်ပါတယ်။ 

ဒုတိယအဆင့်အနေနဲ့ Meta ဟာ စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် GPU ယူနစ်ပေါင်း ၁၆၀၀၀ အထိ တိုးစိုက်ပြီး AI Training စွမ်းဆောင်ရည်ကို နှစ်ဆကျော် တိုးသွားဖို့လည်း စီစဉ်ထားပါတယ်။ Meta ဟာ RSC စူပါကွန်ပျူတာကို ပုံမှန် အသွင်းဒေတာတစ်မျိုးတည်းထက် အရုပ် ၊ အသံနဲ့ လုပ်ဆာင်ချက်တွေ စုပေါင်းမှုအပေါ် အနှစ်ချုပ်ဆွဲယူမှုလုပ်ထားတဲ့ Multimodal AI လိုမျိုး next-level စွမ်းဆောင်မှုဆိုင်ရာ သုတေသနပရောဂျက်အကြီးစားကြီးတွေအတွက် သုံးသွားမှာပါ။


ဓါတ်ပုံထဲက အကြောင်းအရာတွေ စိစစ်ခွဲထုတ်လေ့လာဖို့ AI System ကို လေ့ကျင့်ရာမှာ RSC ဟာ သူ့အရင် ၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ Nvidia စက်ထက် အဆ ၂၀ ခန့် ပိုမြန်ပြီး လူတွေပြောတဲ့ စကားကို စက်ကနေ နားလည်အောင် အဓိပ္ပါယ်ပြန်ခွဲထုတ်ရာမှာ ၃ ဆခန့် ပိုမြန်ဆန်လာမယ်လို့ Meta ရဲ့ သတင်းခန်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Meta ရဲ့ စူပါကွန်ပျူတာသစ်ဟာ AI Models သစ်တွေကို ရာနဲ့ချီတဲ့ ဘာသာစကားတွေ နားလည်နိုင်စေပြီး ဥပမာပေါင်း ထရီလီယံချီကနေ လေ့လာနိုင်စေမယ်လို့လည်း ဆိုပါတယ်။ 

RSC ဟာ Meta ရဲ့ Metaverse တစ်ခု ဖန်တီးရေးမှာပါ အရေးပါတဲ့ အင်ဂျင်တစ်လုံး ဖြစ်လာနိုင်ပါတယ်။ Meta အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ကလည်း "Metaverse တည်ဆောက်မှု အတွေ့အကြုံတွေက အင်မတန်ကို ကြီးမားတဲ့ တွက်ချက်မှုတွေ လိုအပ်ပါတယ်။" လို့ ပြောထားပြီး RSC ဟာ ဒီတွက်ချက်မှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် ကူညီပေးသွားဖို့ရှိပါတယ်။ 

Share

Loading Next Article...
က္က