• ကမ္ဘာ့ဖလားအားပေးရင်း ကစားသမားတွေရဲ့ အချက်အလက်တွေ AR သုံးပြီး ကြည့်ရှုနိုင်

ကွင်းထဲ လာကြည့်ရင်း သုံးနိုင်မယ့် Feature ပါ

ကာတာမှာ ကျင်းပတဲ့ ဖီဖာကမ္ဘာ့ဖလားပွဲမှာ ကွန်ပျူတာပုံရိပ်ဖော်နည်းပညာ AR စနစ်သုံးပြီး ဘောလုံးရသကို အပြည့်အဝခံစားနိုင်တော့မှာပါ။ 

ဖီဖာကမ္ဘာ့ဖလားပွဲကို ကွင်းအတွင်း လာရောက်ကြည့်ရှုသူတွေအတွက် ပွဲစဉ်တလျှောက် ကစားသမားတွေရဲ့ အချက်အလက်အားလုံးကို မလွတ်အောင် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က FIFA+ နာမည်နဲ့ App တစ်မျိုး ဖြန့်ချိထားတာပါ။ FIFA+ App ဟာ စာရင်းသွင်းသူတွေကို ဘောလုံးပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်စေဖို့ ထုတ်ထားတာ ဖြစ်ပြီး အရင်ကမ္ဘာ့ဖလားပွဲဟောင်းတွေလည်း ပြန်ကြည့်နိုင်အောင် စီစဉ်ထားတာပါ။ 


Android နဲ့ iOS စနစ်နှစ်မျိုးလုံးအတွက် အထောက်အပံ့ပေးထားတဲ့ FA+ app ကို ဒီနှစ် ဧပြီလထဲမှာ ဖြန့်ချိခဲ့တာပါ။ နာမည်ကျော်အားကစးသမားတွေဖြစ်တဲ့ ရော်နယ်ဒင်ဟို ၊ ဒါနီ အဲလ်ဗစ် ၊ လူစီ ဘရွန်းဇ်တို့အကြောင်းတို့လို Original စီးရီးတွေ ဖြစ်တဲ့ Documentary တွေလည်း ဒီ App ထဲမှာပဲ ဝင်ကြည့်နိုင်မှာပါ။ FIFA+ app ဟာ ဂိုးစည်းနည်းပညာ VAR နဲ့ ငြိမငြိ ပြန်ပြတဲ့ Replay အပြင် ကင်မရာရှုထောင့်ကို ထောင့်အမျိုးမျိုးက ကြည့်နိုင်စေမယ့် Augmented Reality လုပ်ဆောင်ချက်လည်း ထည့်ပေးထားပါတယ်။ 

FIFA+ Stadium Experience ကိုတော့ ကွင်းထဲ ပွဲလာကြည့်သူတွေပဲ သုံးနိုင်မယ်လို့ FIFA က ကြေညာထားပါတယ်။ ဒီ Feature က ကွင်းထဲမှာ အားပေးရင်း FIFA+ App ကို ဖွင့် ၊ ဖုန်းကင်မရာနဲ့ ကွင်းထဲက မြင်ကွင်းကို ရိုက်ယူပြီး ကစားသမားတစ်ယောက်ချင်းစီကို ထောက်ပြီး သူတို့ရဲ့ လှုပ်ရှားမှုအမြန်နှုန်းနဲ့ တစ်ဦးချင်းအချက်အလက်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။ ကိုယ်တိုင်ကွင်းထဲ လာကြည့်ပေမယ့် ဂိုးစည်းနည်းပညာပေါ် ကွင်းလယ်ဒိုင်ဆုံးဖြတ်ချက် မှန်မမှန် ကြည့်ချင်သူတွေအတွက်လည်း VAR Replays ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

ကြော်ငြာပါ Free App တစ်ခုဖြစ်တဲ့ FIFA+ App ဟာ တစ်နှစ်ကို တိုက်ရိုက်ပွဲစဉ် ၄ သောင်းနဲ့ ညီမျှတဲ့ပွဲစဉ်တွေ ပြသွားဖို့ ရှိပြီး စတင်မိတ်ဆက်ချိန်က တစ်လကို ပွဲပေါင်း ၁၄၀၀ ဝန်းကျင် တင်ဆက်ပေးထားတာပါ။ လောလောဆယ် ဖီဖာဟာ အင်္ဂလန် ၊ စပိန် ၊ ဂျာမနီ ၊ ပြင်သစ် နဲ့ အီတလီ စတဲ့ အဓိကဘောလုံးလိဂ်တွေရဲ့ ပွဲစဉ်တွေ လွှင့်တင်နိုင်ခြင်း မရှိသေးဘဲ လူကြည့်နည်းတဲ့ မက္ကဆီကို ၊ ဒိန်းမတ် ၊ ပိုလန် နဲ့ အန်ဂိုလာ ပြည်တွင်းပွဲစဉ်တွေပဲ ပြသနိုင်ဦးမှာပါ။

Share

Loading Next Article...
က္က