ဘယ်နိုင်ငံမှာ ဘယ်လိုအစားအသောက်တွေ ရှိလဲဆိုတာ ကြည့်ကြရအောင်။

အရင်တစ်ပတ်က ပြောပြခဲ့တဲ့ ကမ္ဘာတစ်ဝန်းက နာမည်ကြီးတဲ့ ဟင်းပွဲနဲ့ အချိုပွဲတွေအကြောင်း အပိုင်း (၂)ကို တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်နိုင်ငံရဲ့ ဟင်းပွဲတွေက ဒီစာရင်းထဲမှာ ပါနေမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။ 




Kebabs, အစ္စတန်ဘူလ်



ညဥ့်နက်ပိုင်း သရေစာ (သို့မဟုတ်) မိသားစုအသားကင်ဝိုင်းမှာ စားလေ့ရှိတဲ့ Kebabsကို စားဖူးကြမယ်ဆိုပေမဲ့ အစ္စတန်ဘူလ်က သိုးသား kebab ကတော့ တမူထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ 

တူရကီတွေရဲ့ သမိုင်းကြောင်းအရ လက်ဆင့်ကမ်းလာတဲ့ အချက်အပြုတ်ပညာကို အရည်ရွှမ်းပြီး အရသာရှိတဲ့ အရသာ သိုးသား kebabကနေ ခံစားလို့ရမှာပါ။ မီးသွေးနဲ့ ကင်ထားပြီး ပေါင်မုန့်ကင်ပေါ်မှာ တည်ခင်းထားတဲ့ ဒီဟင်းပွဲက ညဘက်ပျော်ပွဲစားဝိုင်းတွေရဲ့ အဓိကဟင်းလျာဖြစ်လာရင်လည်း အံ့ဩစရာမဟုတ်ပါဘူး။ 


Peking Duck, တရုတ်



ကမ္ဘာတစ်ဝန်းက ထင်ရှားကျော်ကြားတဲ့ ဟင်းပွဲတွေအကြောင်း ပြောကြရင် ပီကင်းဘဲကင် (Peking Duck)ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျော်ကြားလှတဲ့ တရုတ်ဟင်းလျာတွေလိုပဲ အရသာရှိလှတဲ့ ပီကင်းဘဲကင်ဟာဆိုရင် အပေါ်ယံအခွံ ကြွပ်ကြွပ်ဆတ်ဆတ်နဲ့ နူးညံ့ဆိမ့်ချိုတဲ့ အရသာရှိ ဟင်းပွဲဖြစ်ပါတယ်။ ပီကင်းဘဲကင်ကို ဆော့စ်၊ ပါးပါးလှီးထားတဲ့သခွားသီးနဲ့ ကြက်သွန်နီတွေနဲ့ အလှဆင်ထားလေ့ရှိပြီး ထူးခြားတဲ့အရသာကြောင့် ပွဲတက်အခမ်းအနားတွေနဲ့ မိသားစုပြန်ဆုံချိန်တွေမှာ အထူးတလည်စားသုံးလေ့ရှိကြပါတယ်။ 


Yorkshire Pudding, အင်္ဂလန်



အေးစက်မှိုင်းပျတဲ့ အင်္ဂလန်နိုင်ငံရဲ့ နှင်းကျနေချိန်မှာ နွေးထွေးစေမယ့် အစားအစာကတော့ Yorkshire ပူတင်းပါပဲ။ အမဲသားကင်နဲ့ တွဲဖက်စားကြတဲ့ ဒီပူတင်းဟာ အချိုပွဲမဟုတ်ပေမဲ့လည်း ကြက်ဥ၊ ဂျုံမှုန့်၊ နို့ (သို့) ရေနဲ့ ပြုလုပ်ထားတဲ့ အရသာရှိတဲ့ အစားအစာတစ်မျိုးပါ။ ဒီဟင်းလျာကိုတော့ ၁၈ရာစုနှစ်က အင်္ဂလန်နိုင်ငံ Yorkshire မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ဟင်းပွဲအဆီအနှစ်တွေရဲ့အရသာကို စုပ်ယူနိုင်တာကြောင့် ဗြိတိသျှ အစားအစာအတွက် အဓိက နှစ်သက်တဲ့ အဓိကအစားအစာ ဖြစ်လာခဲ့ပါတယ်။ 


Macarons, ပဲရစ် 



ပေါ့ပါးပြီး ချိုမြိန်တာမို့ စားဖူးသမျှရော၊ မစားဖူးသေးတဲ့ အချိုပွဲတိုင်းက Macaron ကို မမီနိုင်လောက်ဘူးလို့ တင်စားရလောက်အောင်ပါပဲ။ ပဲရစ်မှာတော့ Macaron ဟာ လတ်ဆတ်တဲ့ မုန့်တစ်မျိုးဖြစ်ပြီး အကျော်ကြားဆုံးကတော့ Ladurée နဲ့ Pierre Hermé တို့ဖြစ်ပါတယ်။ ဒီမုန့်ရဲ့ လှပတဲ့အသွင်အပြင်နဲ့ အရသာကြောင့် Macaron တွေဟာ ပြင်သစ်အချိုပွဲတွေရဲ့ သင်္ကေတဖြစ်လာပြီး လူအများက နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။ Macaron ဟာ တစ်ကမ္ဘာလုံးမှာ လူကြိုက်များပေမဲ့ ဘယ်နေရာက Macarons ကမှတော့ Paris က Macaronsကို မမီလောက်ပါဘူး ညွှန်းဖွဲ့ရလောက်တဲ့အထိပါ။ 


Patatje Oorlog, နယ်သာလန်



Patatje Oorlogကတော့ ဟင်းတစ်မျိုးထဲမှာ ဆန့်ကျင်ဘက်အရသာတွေ ပေါင်းစပ်ထားတဲ့ အရသာပြင်းပြင်းဟင်းတစ်မျိုးပါ။ အာလူးကြော်ကို မရိုးနိစ်၊ ketchupနဲ့ ကြက်သွန်နီအစိမ်းကို ရောနှောထားတဲ့ Patatje Oorlog မှာ မြေပဲဆော့စ် (သို့) ဆာတေးဆော့စ်ကိုလည်း ထပ်ထည့်လေ့ရှိကြပါတယ်။ မတူညီတဲ့ ပါဝင်ပစ္စည်းတွေရဲ့ ဒီပေါင်းစပ်မှုဟာ ချိုမြိန်ပြီး အရသာရှိတဲ့ ketchup၊ ခရင်မ်မရိုးနိစ်နဲ့ ပါးလွှာတဲ့ ကြက်သွန်နီစိမ်းတွေကြောင့် ထူးခြားပြီး ကောင်းမွန်တဲ့အရသာကို ဖန်တီးပေးပါတယ်။

Patatje Oorlogဟာ လူကြိုက်များတဲ့ လမ်းဘေးအစားအစာဖြစ်ပြီး နယ်သာလန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ သွားရည်စာဆိုင်နဲ့ လမ်းဘေးဈေးဆိုင်တွေမှာ တွေ့ရနိုင်ပါတယ်။ 


Wiener Schnitzel, သြစတြီးယား



ဩစတြီးယားရဲ့ ဂန္တဝင်အစားအစာတစ်မျိုးဖြစ်တဲ့ Wiener Schnitzelက‌တော့ ဧည့်ခံပွဲတိုင်းမှာ မပါမဖြစ် တည်ခင်းကျွေးမွေးလေ့ရှိတဲ့ ဟင်းပွဲတစ်မျိုးပါ။ ပါးပါးလှီးထားတဲ့ ဝက်သားပြားကို ပေါင်မုန့်နဲ့ ကြော်ထားပြီး အာလူး၊ ထမင်း (သို့) အကြော်နဲ့ တွဲစားပြီး သံပုရာ၊ နံနံပင်တွေနဲ့ အလှဆင်ထားတာကတော့ Wiener Schnitzelပါပဲ။ 

ဒီဟင်းပွဲဟာဆိုရင် အပြင်ပိုင်းမှာ ကြွပ်ရွပြီး အသားက နူးညံ့သလို အရည်ရွှမ်းတာကြောင့် အိမ်မှာရော စားသောက်ဆိုင်တွေမှာပါ နာမည်ကျော်ကြားလှပါတယ်။ Wiener Schnitzel မှာ ခိုင်မာတဲ့သမိုင်းကြောင်းရှိပြီး ဒေသခံတွေနဲ့ ခရီးသွားတွေ နှစ်သက်သဘောကျတဲ့ ဩစတီးယားရဲ့ ရိုးရာဟင်းပွဲဆိုရင်လည်း မမှားပါဘူး။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

က္က