ရန်ကုန်က မြိတ်ကတ်ကြေးကိုက်ကြိုက်သူတွေအတွက် မြိတ်လက်ရာစစ်စစ်နဲ့ စားရမယ့် စမ်းချောင်းက ကတ်ကြေးကိုက် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မိရိုးဖလာလုပ်ငန်းကနေအောင်မြင်တဲ့ကတ်ကြေးကိုက်ဆိုင်လေးဖြစ်လာမှုရဲ့အစ
ဒီဆိုင်လေးကတော့ စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့ မဝေမြိတ်ကတ်ကြေးကိုက်ဆိုင်လေးပါ။ အိမ်မှာ မီးဖိုချောင်၀င်ကူလုပ်ရင်းမိရိုးဖလာကတ်ကြေးကိုက်ကြော်နည်းကို တတ်မြောက်ခဲ့တာကနေ အောင်မြင်တဲ့ ကတ်ကြေးကိုက်ဆိုင်လေးအဖြစ်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။၂၀၀၉ခုနှစ် ကစတင်ဖွင့်လှစ်ခဲ့ပြီး သက်တမ်း (၁၄)နှစ်ရှိပြီဖြစ်တဲ့ဒီဆိုင်လေးဟာ စားသုံးသူတွေရဲ့ မှတ်ချက်ကောင်းတွေနဲ့ နာမည်ရတဲ့ ကတ်ကြေးကိုက်ဆိုင်လေး အဖြစ်ရပ်တည်နေပါတယ်။
“မအင်ဟုန်ကတ်ကြေးကိုက်ဆိုင်က အမတို့ညီအမတွေတော်တာပေါ့ ။ ငယ်ငယ်ထဲကမိဘတွေမရှိတော့တဲ့ အခါကြတော့မအင်ဟုန်တို့နဲ့အတူနေတာ။ သူတို့ကကတ်ကြေးကိုက်ဆိုင်ဖွင့်ထားတော့ ကတ်ကြေးကိုက်လုပ်ဖို့ဝိုင်းကူလုပ်ရင်းကြော်တာတွေမြင်တွေ့နေရတာ အဲ့ကနေအမြင်နဲ့တတ်နေတာပေါ့ မြိတ်သူလည်းဖြစ်တော့ကိုယ်တိုင်ကလည်းပါ၀င်ပစ္စည်းထဲ့တာတွေ၊ကြော်တာတွေကိုနားလည်နေတယ်။တခါတလေ မအင်ဟုတ်တို့မအားတဲ့အခါ ဝယ်သူလာရင်၀င်ကြော်ပေးရင်းနဲ့ဒီပညာကိုတတ်တာပါ။ အစကတော့ဒီပညာနဲ့ လုပ်စားဖို့အစီစဥ်မရှိဘူး အိမ်ထောင်ကျပြီးမှကိုယ်တိုင်ဆိုင်ဖွင့်ရောင်းတာ။”လို့ မဝေကမြိတ်သံဝဲဝဲနဲ့ပြောပြပါတယ်။
ကိုယ့်ရဲ့လက်ရာပေါ်ယုံကြည်စိတ်နဲ့ရှေ့ဆက်ခဲ့
ကုမ္ပဏီဝန်ထမ်းလုပ်ခဲ့တဲ့မဝေဟာ စျေးရောင်းဖို့စိတ်ကူးမရှိခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်လည်း အိမ်ထောင်ကျပြီးချိန်မှာလင်မယားနှစ်ယောက်စီးပွားရေးလုပ်ဖို့ တိုင်ပင်ရင်းလခစားအလုပ်တွေထက် ကျွမ်းကျင်တဲ့ကတ်ကြေးကိုက်ဆိုင်လေးကိုပဲဖွင့်လှစ်ဖြစ်ခဲ့တာပါ။ ဆိုင်စဖွင့်စဥ်ကတစ်ရက်ကို ငါးပွဲ၊ဆယ်ပွဲသာရောင်းခဲ့ရတဲ့ရက်တွေရှိခဲ့ပေမယ့်လည်း ကိုယ့်ရဲ့လက်ရာပေါ်ယုံကြည်စိတ်နဲ့ရှေ့ဆက်ခဲ့ကာ လင်မယားနှစ်ယောက် ဒိုးတူပေါင်ဖက်ကြိုးစားခဲ့တယ်လို့ မဝေကပြောပါတယ်။
“အစ်မအမျိူးသားက မလေးရှားကနေပြန်လာတော့ ဒီမှာကားမောင်းတယ်။အဲ့အလုပ်ကလည်း အဆင်ကသိပ်မပြေဘူး အဲ့ဒါနဲ့ပဲ ဘာလုပ်ရင်ကောင်းမလဲစဥ်းစားကြတော့ လခစားအလုပ်ကလဲ၀င်ငွေအဆင်မပြေဘူး။ အဲ့ဒါနဲ့ငါကျွမ်းကျင်တာဒီပညာရှိသေးတယ်ဆိုပြီး ကတ်ကြေးကိုက်ဆိုင်လေးဖွင့်တာ။အခုနေရာမှာစရောင်းတုန်းကဆို တစ်ရက်မှ လေး၊ငါးယောက်လောက်ဝယ်တာလည်း ကြုံရတယ်။အဲ့ ချိန်ဘေးဆိုင်တွေကအရမ်းရောင်းရတော့ စိတ်ဓာတ်ကျတဲ့အခါတွေလည်းရှိတာပေါ့။ ဒါပေမယ့်ကိုယ့်လက်ရာကိုယ်ယုံတယ်။ငါ့လက်ရာစားမိတဲ့သူတွေငါ့ ဆီပြန်လာကျမှာပဲ တစ်နေ့တော့ဖြစ်လာမှာပဲ ဆိုတဲ့စိတ်နဲ့နေပူမရှောင်မိုးရွာမရှောင်လင်မယားနှစ်ယောက် ကြိုးစားခဲ့တာပါ”လို့မဝေကပြောပါတယ်။
ကြိုးစားမှုရဲ့ရလဒ်
၁၄နှစ်တိုင်တိုင်မပြောင်းလဲတဲ့လက်ရာရဲ့လျှို့ဝှက်ချက်
အနံ့အရသာနဲ့ပြည့်စုံတဲ့ကတ်ကြေးကိုက်တစ်ပွဲဖြစ်ဖို့အတွက် ငရုပ်သီးအနှစ်နဲ့အချဥ်က အဓိကကျပါတယ်။ အချဥ်အတွက်ပအုန်းရည်ကိုသုံးမှသာကတ်ကြေးကိုက်အတွက်ပြည့်စုံတဲ့အနံ့ကိုရရှိတာဖြစ်ပါတယ်။ငရုပ်နှစ်အတွက်လည်း ငရုပ်သီးခွဲခြမ်းနဲ့ငရုပ်သီးအရောင်တင်မှုန့်တွေကိုမသုံးပဲ ငရုပ်သီးအပုနဲ့ အရှည်ကိုရေေနွးနဲ့ပြုတ်ပြီး သေချာကြိုက်ထားတဲ့ငရုပ်သီးအနှစ်ကိုသာအသုံးပြုတာဖြစ်ပါတယ်။ဒီလိုသုံးမှသာ ငရုပ်သီးအရသာမှန်မှန်ကန်ကန်နဲ့အရသာပြည့်စုံတဲ့ကတ်ကြေးကိုက်ကိုရရှိစေတာပါ။ပါ၀င်တဲ့ပင်လယ်စာတွေနဲ့အသားတွေရဲ့လက်ဆက်မှု ပါ၀င်ပစ္စည်းတွေစနစ်ကျမှန်ကန်မှုနဲ့ကျွမ်းကျင်မှုတွေပေါင်းစပ်ထားတဲ့ မေဝရဲ့ကတ်ကြေးကိုက်အရသာကတော့ ၁၄နှစ်တိုင်တိုင်မပြောင်းလဲတဲ့လက်ရာကိုခံစားရစေမှာပါ။
ဆိုင်လိပ်စာလေးနဲ့စျေးနှုန်း
ဆိုင်လိပ်စာလေးကတော့ စမ်းချောင်းမြို့နယ်၊ရှမ်းလမ်းစျေးအရှေ့(ဂွစျေး)၊ဗဟိုလမ်းမပေါ်မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ညနေ၄နာရီခွဲကနေည၉နာရီအထိဖြစ်ပါတယ်။စျေးနှုန်းလေးတွေကတော့ သက်သက်လွတ် ကတ်ကြေးကိုက်(၁၅၀၀)ကျပ်၊ပလိန်းကတ်ကြေးကိုက်(၂၀၀၀)ကျပ်၊ဝက်သား၊ကြက်သားကတ်ကြေးကိုက် (၄၀၀၀)ကျပ် ပင်လယ်စာကတ်ကြေးကိုက်(၅၀၀၀)ကျပ်ပင်လယ်သာအသားရောကတ်ကြေးကိုက်(၅၀၀၀)ကျပ် ဖြစ်ပါတယ်။မပြောင်းလဲတဲ့အရသာနဲ့မြိတ်လက်ရာစစ်စစ်ကတ်ကြေးကိုက်လေးကို မြည်းစမ်းချင်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။