အမေရိကန်တရားရေးဌာနဟာ တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei ကို အမေရိကန်နည်းပညာကုမ္ပဏီ ၆ ခုဆီက နည်းပညာခိုးယူမှုနဲ့ ဘရွတ်ကလင်းက ဖက်ဒရယ်တရားရုံးမှာ တရားစွဲထားပါတယ်။
အမေရိကန်တရားရေးဌာနရဲ့ စွဲချက်မှာ Huawei ဟာ အမေရိကန်ကုမ္ပဏီတွေဆီက နည်းပညာ ခိုးယူခြင်း ၊ ဆန်ရှင်ပိတ်ဆို့မှု ချိုးဖောက်ခြင်းနဲ့ ဉာဏမူပိုင်ခွင့် ခိုးခံရတဲ့ ကိစ္စ စုံစမ်းနေတဲ့ FBI လို အမေရိကန်အာဏာပိုင်တွေကို မှားယွင်းတဲ့ ထုတ်ပြန်ချက်များ ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကြာသာပတေးနေ့က Huawei ပေါ် ထပ်မံ စွဲချက်တင်မှုမှာ Huawei ဟာ အမည်မဖော်ထားတဲ့ အမေရိကန်ကုမ္ပဏီ ၆ ခုရဲ့ ဉာဏမူပိုင်ခွင့်များကို ခိုးယူဖို့ ဆယ်စုနှစ်တစ်ခုကြာ ကြိုးစားခဲ့တယ်လို့လည်း ပါရှိပါတယ်။

Photo: Tech Crunch
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလထဲမှာ Huawei ကုမ္ပဏီ ၊ ကုမ္ပဏီရဲ့ လက်အောက်ခံ လုပ်ငန်းများနဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးတို့ကို တရားစွဲကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ကြိမ် တရားစွဲမှုသစ်ထဲမှာ Huawei ဟာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ရယူတဲ့အပြင် လျှို့ဝှက်သဘောတူညီမှုများ ချိုးဖောက်တာ ၊ ပြိုင်ဘက်ကုမ္ပဏီတွေဆီက ဝန်ထမ်းတွေ ခေါ်တာနဲ့ ပါမောက္ခတွေကို ကြားခံ အသုံးချတာတွေလည်း လုပ်ဆောင်ကြောင်း စွပ်စွဲထားတယ်လို့ Engadget သတင်းက ဆိုပါတယ်။
ဒီသတင်းမှာပဲ Huawei ဟာ ပြိုင်ဘက်ကုမ္ပဏီတွေဆီက လျှို့ဝှက်သတင်းအချက်အလက် ရယူပေးတဲ့ ဝန်ထမ်းတွေကို ဆုကြေးတွေပါ ပေးတယ်လို့ ဖော်ပြထားပါတယ်။ တရားစွဲဆိုမှုအရ Huawei ဟာ internet router souce code ၊ ဆယ်လူလာအန်တနာ နဲ့ စက်ရုပ်နည်းပညာပိုင်းဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို အောင်အောင်မြင်မြင် ရယူခဲ့တယ်လို့လည်း ပါရှိပါတယ်။
Photo: FiDAR News
Huawei ဟာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့အရေးယူထားတဲ့ အီရန်နဲ့ မြောက်ကိုရီးယားတို့နဲ့ပါ စီးပွားရေးလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီထဲက တစ်ခု ဖြစ်တဲ့ Huawei ကတော့ အမေရိကန်တရားရေးဌာနရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး ငြင်းဆန်ထားသလို ဒီလို စွပ်စွဲတာဟာ ကုမ္ပဏီရဲ့ လုပ်ငန်းတိုးချဲ့မှုကို အမေရိကန်စီးပွားရေး လုပ်ငန်းတွေအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တာကြောင့်လို့ တုန့်ပြန်ထားပါတယ်။
"အခြေအမြစ် မရှိ မမျှတကြောင်း ကျွန်တော်တို့ သက်သေပြသွားမယ့် ဒီစွဲဆိုချက်အပေါ် အစိုးရအနေနဲ့ ဩဇာလွှမ်းမိုးနိုင်မှာ မဟုတ်ဘူး" လို့ Huawei က ထုတ်ပြန်ထားပါတယ်။ အမေရိကန်အစိုးရဟာ ယူကေလိုမျိုး မိတ်ဘက်နိုင်ငံတွေရဲ့ ကွန်ရက်တည်ဆောက်ရေးမှာ Huawei ကို ပါဝင်ခွင့်မပြုဖို့ တွန်းအားပေးမှုများ လုပ်ဆောင်ခဲ့ပါတယ်။