အီရန်လက်ရွေးစင်နည်းပြ ဒရာဂန်စကိုဆစ်က သူ့အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲအဖြစ် ရင်ဆိုင်ရမယ့် အင်္ဂလန်နဲ့ပွဲမှာ ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်နဲ့အီရန်တို့ ကာတာကမ္ဘာ့ဖလား စတင်ကျင်းပမယ့် ပထမဆုံးနေ့မှာတင် ထိပ်တိုက်ရင်ဆိုင်ရမှာပါ။
အင်္ဂလန်၊ အီရန်တို့ပါဝင်တဲ့ အုပ်စုဘီမှာ အမေရိကန်နဲ့အတူ ဝေးလ်စ်/ယူကရိန်း/စကော့တလန် တသင်းသင်းက တအုပ်စုတည်းကျရောက်မှာဖြစ်ပါတယ်။ အင်္ဂလန်အတွက်တော့ အုပ်စုအရမ်းချောင်ခဲ့တယ်လို့ အားလုံးက သုံးသပ်နေကြပြီး အမှားအယွင်းကြီးကြီးမားမားမရှိရင် ဗိုလ်လုပွဲ ရောက်နိုင်တယ်လို့တောင်းဆိုနေကြပါတယ်။
အီရန်ကတော့ ဒီအုပ်စုမှာ အင်အားအနည်းဆုံးအသင်းလို့ အားလုံး ယုံကြည်ထားပေမယ့် စကိုဆစ်က အခုလိုပဲ အံ့အားသင့်ဖွယ်ပြောကြားလာခဲ့တာပါ။ စကိုဆစ်က “ကျနော်တို့ အင်္ဂလန်ကို အနိုင်မယူနိုင်ဘူးလို့ တွေးစရာ ဘာအကြောင်းပြချက်ရှိလို့လဲဗျာ။ ကျနော်တို့ အီရန်က အင်္ဂလန်ကို ဘာကြောင့်မနိုင်ရမှာလဲ”
“ကျနော်က ခရိုအေးရှားသားတယောက်ဆိုတာကို ခင်ဗျားတို့ သတိရကြဦး၊ အဲ့ဒါကြောင့် ကျနော်တို့ အင်္ဂလန်ကို အနိုင်ကန်နိုင်တယ်လို့ ပြောတာ။ လူတွေက ကျနော်တို့ပွဲကိုကြည့်မယ်။ ပြီးရင် အီရန်က အင်္ဂလန်ကို နိုင်သွားတာက ကမ္ဘာ့ဖလားသမိုင်းရဲ့ ရှော့ခ်ဖြစ်စရာ အကောင်းဆုံးတွေထဲက တပွဲလို့ပြောမယ်။ အိုကေပါတယ်”
“သူတို့ ဒီလိုမျိုးတွေးလို့ရပါတယ်။ ဒါပေမယ့် ဘောလုံးကတော့ ခန့်မှန်းလို့မရတဲ့အရာပဲဗျ။ ကျနော်တို့ (၁၅) ပွဲလောက် ကန်ရမှာမဟုတ်ဘူး။ ဒီတပွဲပဲကန်ရမှာ။ ဒီတော့ ဘာမဆို ဖြစ်သွားနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။ စကိုဆစ်ရဲ့ ခရိုအေးရှားဟာ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဒီအကြောင်းကို စကိုဆစ်က ပြန်လည်အစဖော်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ အင်္ဂလန်ကို အီရန်တို့ ဒုက္ခပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။