• ကာတာကမ္ဘာ့ဖလားကို နောက်ပေါက်ကနေဝင်တိုးပြီး ကစားခွင့်ရဖို့ အီတလီမျှော်လင့်

အီရန်နေရာကို ဝင်ရောက်ခွင့်ရဖို့ အီတလီတို့ မျှော်လင့်နေတာပါ။

အီတလီ လက်ရွေးစင် အသင်းဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိဖို့ မျှော်လင့်နိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါက အီရန်နဲ့လက်ဘနွန်တို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲစဥ်မှာ အီရန်တာဝန်ရှိသူက အမျိုးသမီးတွေကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ပါတယ်။

image

ဒီလုပ်ရပ်ကြောင့် ဖီဖာက အီရန်ဘောလုံးအဖွဲ့ချုပ်ကို စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် (၂၀၂၂) ကမ္ဘာ့ဖလားကနေ ထုတ်ပယ်သွားဖွယ်ရှိပါတယ်။ အီရန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ပြီးသား အသင်းတသင်းဖြစ်ပါတယ်။ ဒါပေမယ့် လက်ဘနွန်နဲ့ပွဲမှာ အမျိုးသမီး ပရိသတ် (၂,၀၀၀) ထောင်ဝန်းကျင်ကို တာဝန်ရှိသူတွေက ကွင်းအတွင်း ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။

image

ဒါ့အပြင် ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးပရိသတ် ရာဂဏန်းအချို့ကိုလည်း ငရုတ်သီးစပရေးတွေနဲ့ပါ လူစုခွဲခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အီရန်ဘောလုံးအဖွဲ့ချုပ်ကတော့ အမျိုးသမီး (၉) ယောက်သာ လက်မှတ်ဝယ်ယူထားကြောင်း၊ ကျန်အမျိုးသမီးတွေက လက်မှတ်အတုတွေနဲ့ ကွင်းထဲဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ အီရန်ဟာ (၂၀၁၉) တည်းက အမျိုးသမီးတွေကို ကွင်းတွင်းဝင်ရောက်ခွင့် မပေးတာနဲ့ ပတ်သက်လို့ ဖီဖာရဲ့ သတိပေးမှုကို ခံခဲ့ရတာပါ။

အခုတခါဖြစ်ရပ်ကလည်း လက်ခံနိုင်စရာမဟုတ်ခဲ့ဘဲ ဖီဖာအတွက် လက်ခံနိုင်စရာမရှိပါဘူး။ အဲ့ဒါကြောင့် အီရန်သာ ကာတာကမ္ဘာ့ဖလားကနေ အထုတ်ခံရရင် လစ်လပ်သွားတဲ့နေရာကို အီတလီလက်ရွေးစင် အသင်း ဝင်ရောက်ခွင့်ရနိုင်တယ်လို့ အီတလီ စကိုင်းစပေါ့သတင်းဌာနက ဆိုပါတယ်။

အဓိက အကြောင်းပြချက်ကတော့ အီတလီက ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်နေခြင်း နဲ့ ကမ္ဘာ့အဆင့် ရပ်တည်ချက် ကောင်းမွန်နေခြင်းတို့ကြောင့်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ အီရန် အထုတ်ခံရမယ်ဆိုရင်တောင် အီရန်နေရာကို ဝင်ရောက်မယ့်အသင်းက အာရှဇုန်က အသင်းတသင်းသာဖြစ်သင့်တယ်လို့လည်း ဝေဖန်နေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က