လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အသင်းအနေနဲ့ လက်ကျန်ပွဲတွေမှာ အနိုင်ကစားရမှာဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်မရှိသည့်တိုင် အပေါ် နှစ်သင်းကို ဖိအားဆက်ပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ နယူးကာဆယ်၊ ယူနိုက်တက်တို့ရဲ့အောက် (၁) မှတ် အကွာနဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် တစ်ဖက်က နှစ်သင်းက တစ်ပွဲလျော့နေပြီး အဆိုပါပွဲမှာသာ အမှားအယွင်းမရှိခဲ့ရင် လီဗာပူးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်က ရေစုန်မျောသွားနိုင်ပါတယ်။ လီဗာပူးဟာ နောက်ဆုံး (၇) ပွဲဆက်တိုက် အနိုင်ရလဒ်တွေရရှိခဲ့ပြီး ခြေစွမ်းပိုင်းအရ တော်တော်လေး တည်ငြိမ်နေတယ်လို့ ပြောနိုင်ပါတယ်။

လက်စတာကို သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ပွဲအပြီးမှာ ကလော့ပ်က “လွန်ခဲ့တဲ့ (၆) ပတ်၊ (၇) ပတ်လောက်ကဆိုရင် ဒါမျိုးဖြစ်လာနိုင်တယ်လို့ ကျွန်တော် မယုံခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့အတွက် လုံးဝမရှိခဲ့တာက တည်ငြိမ်မှုပါ။ ကျွန်တော်တို့အတွက် လုပ်စရာက တစ်ခုတည်းရှိခဲ့ပါတယ်။ ပွဲတိုင်းကို အနိုင်ကစားဖို့ပါ”
“ကျွန်တော်တို့ ဒီလို အနေအထားမျိုးကို ပြန်ရောက်လာတာက တကယ်ကို ရူးလောက်စရာပါ။ အခု လက်စတာနဲ့ပွဲကိုနိုင်လိုက်တာနဲ့ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ သေချာပေါက် ကစားခွင့်ရပြီဆိုတာကို ပွဲမစခင်ကတည်းက သိခဲ့ပါတယ်။ ကျန်တာတွေက ကျွန်တော်တို့ လက်ထဲမှာ မရှိတော့ပါဘူး။ ဒါပေမယ့် ရာသီကုန်အထိ ပွဲကျန်နှစ်ပွဲကို ကျွန်တော်တို့ အနိုင်ကန်ရပါမယ်။ ဒါက ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ”
“ကျွန်တော်တို့အလုပ်က ဖိအားပေးဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ လက်ကျန်နှစ်ပွဲမှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်း၊ ဆောက်သမ်တန်နဲ့ အဝေးကွင်းအဖြစ် ရင်ဆိုင်ကစားရမှာလည်း ဖြစ်ပါတယ်။