လီဗာပူးနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်က ရင်ဆိုင်ဖူးသမျှ ကစားသမားတွေထဲမှာ မက်ဆီက အကောင်းဆုံး ကစားသမားဖြစ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာနိုးလ်နဲ့ မက်ဆီတို့ဟာ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်အားပြိုင်မှုမှာ အကောင်းဆုံးဖြစ်ခဲ့ဖူးတာပါ။

ဒီလိုမျိုး မက်ဆီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ အာနိုးလ်က အခုလိုမျိုး ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ အာနိုးလ်က “ကျနော့်အတွက်တော့ ရင်ဆိုင်ဖူးသမျှထဲ အကောင်းဆုံးက မက်ဆီပါပဲ။ မက်ဆီထက် ပိုကောင်းတဲ့ ပြိုင်ဘက်မျိုး ကျနော် စဉ်းစားကြည့်လို့ မရပါဘူး။ သူ့ထက် ပိုကောင်းတဲ့ ကစားသမားလည်း မရှိပါဘူး”

“မက်ဆီနဲ့ ရင်ဆိုင်ရတာက အခြားကစားသမားတွေနဲ့ ရင်ဆိုင်ရတာထက် ပိုပြီး ကွဲပြားခြားနားပါတယ်။ သူနဲ့ဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတိကပ်ထားရပါတယ်။ ကစားသမားတစ်ယောက်က အခြားကစားသမားတွေကို ဒီလိုခံစားချက်မျိုး ရိုက်သွင်းထားနိုင်တယ်ဆိုတာ တကယ်ရှားပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော်က မက်ဆီကို ရွေးတာပါ”
“ဘယ်လိုအခိုက်အတန့်မျိုးမှာမဆို မက်ဆီက အကောင်းဆုံး ကစားသမားဖြစ်ပြီး ကွင်းထဲမှာ သူလုပ်ချင်တာ အားလုံးကို လုပ်နိုင်ပါတယ်။ အဲ့ဒီအကြောင်းပြချက်တွေကြောင့်ပဲ မက်ဆီက အကောင်းဆုံး ဖြစ်နေခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။