တနင်္ဂနွေနေ့ညက ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ အိမ်ရှင် ရီးရဲလ်က ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လာလီဂါဖလား ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးကို အပြတ်ပြောလိုက်တာဖြစ်ပါတယ်။

ကာလို အန်ဆယ်လော့တီက တနင်္ဂနွေနေ့က အက်သလက်တီကို မက်ဒရစ်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါဖလားကို ဗိုလ်စွဲဖို့အတွက် အပြတ်အသတ် ရေပန်းအစားဆုံးဖြစ်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာရင် ဘန်ဇီးမား၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေကြောင့် လိဂ်ရှုံးပွဲမရှိစံချိန်ကို ၁၁ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး အဆင့် ၄ နေရာက အက်သလက်တီကို မက်ဒရစ်ကို ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် အက်သလက်တီကို မက်ဒရစ်နဲ့ပွဲစဉ်ဟာ လာလီဂါ ၇ ပွဲဆက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းက တစ်ပွဲလျော့နေပေမယ့်လည်း ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသင်းရဲ့ ကောင်းမွန်တဲ့ရလဒ်တွေအပေါ် ၎င်းရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတဲ့အချိန်မှာ အန်ဆယ်လော့တီက "အဲဒါက အန်ဆယ်လော့တီ အကျိုးသက်ရောက်မှုလို့ ကျွန်တော် မထင်ပါဘူး။ ကွင်းထဲမှာ သူတို့တွေ လုပ်ချင်တဲ့အရာတွေကြောင့် ကျွန်တော့်ကို စိတ်အေးအေးနဲ့ နေလို့ရစေတဲ့ အသင်းတစ်သင်းရှိနေတာပါ"
"သူတို့တွေ ပွဲကို အရမ်းကောင်းကောင်း ကိုင်တွယ်ထားနိုင်ပြီး ခံစစ်ပိုင်းမှာလည်း တာဝန်ယူမှုအပြည့်ရှိပါတယ်။ အဲဒါက အသင်းအဖွဲ့ဖြစ်ပြီး အရည်အသွေးမြင့် ကစားသမားတွေပဲ မဟုတ်ပါဘူး။ အဲဒါက ကွာခြားချက်ပဲ။ ကျွန်တော်တို့ အရမ်းကောင်းကောင်း လုပ်နိုင်ခဲ့တဲ့အတွက် ဖလားရဖို့အတွက် အပြတ်အသတ် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လာမယ့်ပွဲစဉ်တွေအပေါ် အာရုံစိုက်သွားမှာပါ။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုက ကျွန်တော်တို့ကို အများကြီး ထိခိုက်နိုင်လို့ပါ။ အာရုံစိုက်ခြင်းက ဗိုလ်စွဲဖို့ ပိုနီးစပ်လာစေမယ့် တစ်ခုတည်းသော နည်းလမ်းပါ"လို့ ပြောကြားခဲ့ပါတယ်။