လက်ရှိအချိန်မှာ ဘာစီလိုနာအတွက် အဓိကအရေးပါတဲ့ ကွင်းလယ်ကစားသမားလေး ပီဒရီကို ရီးရဲယ်မက်ဒရစ်တို့ အရင်တည်းက ခေါ်ယူခွင့်ရရှိခဲ့ပေမယ့် မခေါ်ယူခဲ့ဘူးလို့ ကာယကံရှင်ကိုယ်တိုင်က ဖွင့်ဟခဲ့ပါတယ်။ ပီဒရီဟာ ပြီးခဲ့တဲ့ (၂၀၂၀) နွေရာသီမှာ လက်စ်ပါးမားစ်ကနေ ဘာစီလိုနာကို ရောက်ရှိလာခဲ့တာပါ။

အသက် (၁၉) နှစ်ပြည့်ရုံသာရှိသေးတဲ့ ဒီကွင်းလယ်ကစားသမားလေးက ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် အဓိကကွင်းလယ်ကစားသမားဖြစ်ခဲ့သလို ယူရိုပြိုင်ပွဲဝင် စပိန်လက်ရွေးစင်၊ အိုလံပစ်ပြိုင်ပွဲဝင် စပိန်အမျိုးသားဘောလုံးအသင်းတို့မှာ ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

ပီဒရီဟာ (၂၀၂၁) အတွက် ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရီးရဲယ်မက်ဒရစ်က သူ့ကို ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောကြားလာတာပါ။ ပီဒရီက “ကျနော့်အသက် (၁၅) နှစ်၊ တီနီရိုက်ဖ်မှာရှိတုန်းကပေါ့။ ရီးရဲယ်မက်ဒရစ်က ကျနော့်ကို ခြေစွမ်းစမ်းသပ်ခဲ့ပါတယ်”
“ဒါပေမယ့် အဲ့ဒီနေ့က နှင်းတွေ အရမ်းကျနေပြီး ခြေစွမ်းစမ်းသပ်မယ့် အစီအစဥ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ နောက်တနေ့ကျတော့ ကျနော်က အကယ်ဒမီအသင်းနဲ့ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်နေပါတယ်။ ဖြစ်နိုင်တာတခုက သူတို့က ကျနော်နဲ့ ပတ်သက်လို့ မခေါ်ဘူးဆိုတဲ့ စိတ်ကူးရှိပြီသားပါ”
“အဲ့ဒါနဲ့ပဲ ကျနော်လည်း တီနီရိုက်ဖ်ကိုပဲ ပြန်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့်ဘက်က ရီးရဲယ်မက်ဒရစ်ကို ငြင်းဆန်ခဲ့တာမျိုးမရှိပါဘူး။ အခွင့်အရေးတွေရောက်လာပြီဆိုရင်တော့ ခင်ဗျားတို့လည်း ဆုပ်ကိုင်ထားရမယ်လေ။ တစုံတခုဖြစ်ခဲ့တယ်ပဲဆိုပါစို့။ ဒါက အနှုတ်လက္ခဏာဆောင်ခဲ့ပြီး ရီးရဲယ်မက်ဒရစ်က ကျနော့်ကို ခေါ်ယူဖို့ဆန္ဒမရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ပီဒရီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီး၊ PSG တို့က သတင်းတွေထွက်ပေါ်နေပေမယ့် ကစားသမားကိုယ်တိုင်က စာချုပ်သက်တမ်းကုန်ဆုံးမယ့် (၂၀၂၆) အထိ ဘာစီလိုနာမှာ ဆက်ရှိနေမယ်လို့ပြောခဲ့သလို စာချုပ်လျော်ကြေးကလည်း ယူရို (၁) ဘီလီယံတန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။