• ဘာစီလိုနာက အထုတ်ခံရတဲ့ ရော်နယ်ကိုးမန်းကို အန်ဆယ်လော့တီ အားပေးစကားပြော

မနေ့က ရီးရဲယ်မက်ဒရစ်နဲ့အိုဆာဆူနာ သရေကျခဲ့တဲ့ပွဲအပြီးမှာ အန်ဆယ်လော့တီက ပြောကြားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ဘာစီလိုနာနည်းပြရာထူးကနေ အထုတ်ပယ်ခံလိုက်ရတဲ့ ရော်နယ်ကိုးမန်းအတွက် အားပေးစကားပြောကြားလိုက်ပါတယ်။ ရော်နယ်ကိုးမန်းဟာ မနေ့ညက အဝေးကွင်းမှာ ဗယ်လက်ကာနိုကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးက ချက်ချင်းဆိုသလို ထုတ်ပယ်ခံခဲ့ရတာပါ။

image

ဘာစီလိုနာဟာ ပြီးခဲ့တဲ့တနင်္ဂနွေကလည်း အယ်လ်ကလက်စီကိုပွဲအဖြစ် ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီပွဲအပြီးမှာ ဘာစီလိုနာပရိသတ်တွေက ရော်နယ်ကိုးမန်းကို ဦးတည်တိုက်ခိုက်ခဲ့ပါသေးတယ်။ ရော်နယ်ကိုးမန်းဟာ ဒီနေ့မှာတော့ အသင်းသားတွေကို လေ့ကျင့်ရေးကွင်းမှာ နှုတ်ဆက်စကားပြောကြားမှာပါ။

image

ဒီလိုမျိုး ရော်နယ်ကိုးမန်း အထုတ်ခံရတာနဲ့ပတ်သက်လို့ ပြိုင်ဘက် ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက “ကျွန်တော်ဆိုလည်း အကြိမ်ပေါင်းများစွာ ရာထူးက အထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အခု ဒီနေရာမှာ ရှင်သန်နေတုန်းပဲလေ။ ပျော်လည်း ပျော်ရွှင်နေပါတယ်”

“ဒီလိုမျိုး ရာထူးက အထုတ်ခံရတယ်ဆိုတာက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ နည်းပြတစ်ယောက်ဖြစ်နေသရွေ့ ခင်ဗျားမှာရှိသမျှ အရာအားလုံးကို ပေးဆပ်နေဖို့ လိုအပ်ပါတယ်။ ခင်ဗျား အထုတ်ခံရပြီးနောက်တစ်နေ့မှာ ခင်ဗျားက အရာအားလုံး ပေးဆပ်ခဲ့တယ်ဆိုတဲ့ အသိစိတ်နဲ့ လိပ်ပြာလုံနိုင်မှာပါ”

“ရော်နယ်ကိုးမန်းက ဘာစီလိုနာအတွက် အရာအားလုံး ပေးဆပ်ခဲ့တယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” လို့ ရီးရဲယ်မက်ဒရစ်နဲ့အိုဆာဆူနာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ (၁၀) ပွဲကစား၊ ရမှတ် (၁၅) မှတ်သာရရှိထားပြီး အဆင့် (၉) နေရာမှာ ရပ်တည်နေတာပါ။

ချန်ပီယံလိဂ်မှာလည်း (၃) ပွဲကစား (၂) ပွဲရှုံး၊ (၁) ပွဲနိုင် ရလဒ်ကြောင့် အုပ်စုက လွတ်မြောက်ဖို့ဆိုရင် လက်ကျန် ဒုတိယအကျော့ပွဲတွေကို အမှားအယွင်းခံလို့မရတော့ဘဲ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က