• လက်ရွေးစင်အတွက်ပြန်လာပြီး ပထမဆုံးထိချက်မှာတင် ဂိုးသွင်းလိုက်တဲ့ အဲရစ်ဆင်

အဲရစ်ဆင်တယောက် ဒိန်းမတ်အတွက် ပထမဆုံး ပြန်လည်ကစားပေးနိုင်ခဲ့တာပါ။

ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ မနေ့ညက ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ အသင်းအတွက် လူစားဝင်လာပြီး ပထမဆုံး ထိချက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်က ဒိန်းမတ်ကို ၄-၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

image

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ အုပ်စုပွဲမှာ နှလုံးရောဂါကြောင့် ကွင်းထဲမှာ သတိလစ်လဲကျခဲ့တဲ့ ကစားသမားပါ။ အဲရစ်ဆင်ရဲ့ ကစားသမားဘဝ အဆုံးသတ်ပြီလို့ အားလုံးကထင်မှတ်ခဲ့ပေမယ့် အဲရစ်ဆင်ကတော့ အခြေအနေဆိုးတွေကို အကောင်းဆုံး တုံ့ပြန်ပြီး မြက်ခင်းစိမ်းတွေဆီ ပြန်လာနိုင်ခဲ့ပါတယ်။

image

အဲရစ်ဆင်အနေနဲ့ စီးရီးအေရဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် အင်တာမီလန်မှာ ဆက်လက်ကစားခွင့်တော့မရခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီနောက် ဒီတပတ် ကစားတဲ့ နိုင်ငံတကာပွဲစဥ်တွေအတွက် ဒိန်းမတ်လက်ရွေးစင် အသင်း လူစာရင်းမှာ ရွေးချယ်ခဲ့ရပါတယ်။ မနေ့ညကပွဲမှာတော့ အဲရစ်ဆင်က ဒိန်းမတ်အတွက် ဒုတိယပိုင်းစစချင်းမှာ အသင်းဖော် လင်းစထရောမ်နေရာကို လူစားလဲဝင်ရောက် ကစားခဲ့ပါတယ်။

အဲရစ်ဆင် ကွင်းထဲဝင်ရောက်လာချိန်မှာ ယိုဟန်ခရိုက်ဖ်အရီနာကွင်းကြီးထဲက ပရိသတ်အားလုံး လက်ခုပ်တီးဂုဏ်ပြုခဲ့ကြသလို ပြိုင်ဘက်နယ်သာလန်နည်းပြ လူးဝစ်ဗန်ဟားလ်ကလည်း အဲရစ်ဆင်အတွက် လက်ခုပ်တီးဂုဏ်ပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲရစ်ဆင်က ပထမဆုံး ထိချက်မှာတင် ဒိန်းမတ်အတွက် ချေပဂိုးတဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်နဲ့ (၆) လ စာချုပ်သာ ချုပ်ဆိုထားတာဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့ ကျန်းမာရေးအခြေအနေက အကောင်းဆုံးပုံစံတရပ်မှာရှိနေမယ်ဆိုရင်တော့ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ အဲရစ်ဆင်အနေနဲ့ ဒိန်းမတ်နဲ့အတူ ပါဝင်ဆင်နွှဲနိုင်မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က