လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က မနေ့ညက ရီးရဲလ်မက်ဒရစ်ကို ပဲရစ်မှာရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့တဲ့နောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လာပြမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ ဂိုးသွင်းခွင့်အသာ၊ ကစားကွက်အသာနဲ့ ရီးရဲလ်မက်ဒရစ်ကို ဖိကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်ရဲ့ လက်စွမ်းပြမှု၊ ဗယ်လ်ဗာဒီရဲ့ ဖန်တီးမှုကတဆင့် ဗီနီရှပ်စ်ရဲ့ သွင်းဂိုးတို့ကြောင့် ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာ ဆုဖလားလေးလုံးမျှော်လင့်ထားတဲ့ လီဗာပူးဟာ တပတ်အတွင်းမှာတင် ပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဖလားတို့ကို လက်လွှတ်ခဲ့ရတာပါ။

ကလော့ပ်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲတက်ဖို့ အခုတည်းက ယုံကြည်ချက်ရှိနေပြီး ဗိုလ်လုပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကလော့ပ်က “ဗိုလ်လုပွဲရောက်တယ်ဆိုတာ မဆိုးပါဘူး။ ဒါလည်း အောင်မြင်မှုတမျိုးပဲလေ။ ကျနော်တို့ ဒီကို ပြန်ရောက်လာဦးမယ်လို့ သေချာပေါက် ခံစားမိနေပါတယ်”
“ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ကစားသမားတွေက တကယ်ကို ပြိုင်ဆိုင်မှုအပြည့်နဲ့ ရင်ဆိုင်ခဲ့ပြီး လာမယ့်နှစ်မှာလည်း ထူးချွန်တဲ့အစုအဖွဲ့တခုဖြစ်နေဦးမှာပါ။ နောက်နှစ်ကျရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဘယ်နေရာမှာလဲ? အစ္စတန်ဘူလ်လား? ခင်ဗျားတို့ပရိသတ်တွေ ဟိုတယ်ဘွတ်ကင်ကြိုလုပ်ထားကြ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
လီဗာပူးဟာ နောက်ဆုံး (၄) နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့တာပါ။ ပထမအကြိမ် ရှုံးနိမ့်ခဲ့တာက (၂၀၁၈) မှာဖြစ်ပြီး အဲ့ဒီတုန်းကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အခု ဒီ (၂၀၂၂) မှာလည်း ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။