လီဗာပူး တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်ဖြစ်သူ စီနီယာဒီယက်ဇ်က သူ့အနေနဲ့ သားဖြစ်သူ လာလီဂါကို ပြောင်းရွှေ့ရေးကိစ္စရပ်အတွက် မျှော်လင့်ချက်ရှိသေးကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါ ကိုလံဘီယာသားဟာ လီဗာပူးကို ရောက်ရှိလာပြီး အချိန်တိုအတွင်းမှာတင် ကလော့ပ် စိတ်ကြိုက် ကစားသမားဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒဏ်ရာပြဿနာအချို့နဲ့ ရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိပြီး ပွဲကစားခွင့်ရနေသည့်တိုင် ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကိုတော့ ဆုပ်ကိုင်ထားနိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း လီဗာပူးဘက်က ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၄၀) ဝန်းကျင်ရရှိရင် ဒီယက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

ဒီကစားသမားအတွက် စပိန်လာလီဂါက မက်ဒရစ်မြို့ခံနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့က စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း ကောလာဟလအဆင့်သာရှိသေးပြီး အက်သလက်တီကိုကတော့ ဂရင်းဝုဒ်အတွက် ကြိုးစားမှုအဆင်မပြေခဲ့ရင် ဒီယက်ဇ်ဘက်ကို မြားဦးလှည့်လာနိုင်ပါတယ်။
ဒီအချိန်မှာပဲ စီနီယာဒီယက်ဇ်က “ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုတို့နဲ့ပတ်သက်လို့ အလေးအနက်ထား ပြောစရာမျိုး မရှိပါဘူး။ လီဗာပူးက အမြဲတမ်း စိတ်ပိုင်းဖြတ်ပြီး ဒီယက်ဇ်ကို ခေါ်ယူဖို့ အာရုံစိုက် ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ လာလီဂါနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေကလည်း မပျောက်ဆုံးသေးပါဘူး”
“ဒီယက်ဇ်က ပုံစံကောင်းပြနေဆဲဖြစ်ပြီး စပိန်ကလပ်တွေကလည်း စျေးကွက်ထဲမှာ အမြဲတမ်း လှုပ်ရှားနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ လာမယ့်နွေရာသီမှာ နည်းပြကြီး ကလော့ပ်ကိုလည်း လက်လွှတ်ရတော့မှာဖြစ်ပြီး ဒီယက်ဇ်ကိုပါ ထပ်မံလက်လွှတ်ရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။