အစ္စရေးအာဏာပိုင်တွေက နိုင်ငံရဲ့ အဆင့်မြင့် လုံခြုံရေးအတင်းကျပ်ဆုံး အကျဥ်းထောင်တစ်ခုကနေ ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားတဲ့ ပါလက်စတိုင်းအကျဥ်းသား ၆ ဦးကို အင်အားအလုံးအရင်းဖြင့် လိုက်လံရှာဖွေနေကြပါတယ်။
လွတ်မြောက်သွားတဲ့ အကျဥ်းသား ၆ ဦးက ၎င်းတို့ရဲ့ အကျဥ်းခန်းထဲမှာ ဥမင်လှိုဏ်ခေါင်းတစ်ခုကို လနဲ့ချီကြာ တူးနေခဲ့ပြီး ထိုဥမင်လှိုဏ်ခေါင်းဟာ Gilboa အကျဥ်းထောင်အပြင်ဘက် လမ်းမတစ်နေရာကို ဦးတည်ထားတယ်လို့ ဆိုပါတယ်။ လယ်ကွင်းများထဲကနေ ဖြတ်သန်းပြေးလွှားသွားတဲ့ အကျဥ်းသားတွေကို တွေ့မြင်ပါက အကြောင်းကြားကြရန် အာဏာပိုင်တွေက လယ်သမားတွေကို မှာကြားထားပါတယ်။

(Photo: EPA)
လုံခြုံရေးတင်းကျပ်တဲ့ အစ္စရေးအကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေထဲမှာ Al-Aqsa Martyrs' Brigade စစ်သွေးကြွအုပ်စု ခေါင်းဆောင်ဟောင်း Zakaria Zubeidi နဲ့ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ဝင် ၅ ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။ ယခု အကျဥ်းသားများ ထွက်ပြေးလွတ်မြောက်မှုဟာ အဓိကကျတဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ကျရှုံးမှုတစ်ခုအဖြစ် အစ္စရေးအကျဥ်းထောင်ဆိုင်ရာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေကတော့ ထွက်ပြေးလွတ်မြောက်သွားသူတွေကို သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုကြပါတယ်။ အကျဥ်းသား ၆ ဦး ရုပ်ရှင်ဆန်ဆန် ဥမင်လှိုက်ဏ်ခေါင်းတူးကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ Gilboa အကျဥ်းထောင်ဟာ အစ္စရေးမြောက်ပိုင်းမှာရှိပြီး အဆင့်မြင့် လုံခြုံရေးစနစ်ရှိတဲ့ အကျဥ်းထောင်ဖြစ်ကာ "the Safe" လို့ပင် သိထားကြပါတယ်။
(Photo: EPA)
အကျဥ်းထောင်အနီး လယ်ကွင်းတွေထဲမှာ မင်္သကာစရာ သွားလာနေသူတွေကို တွေ့ရှိရကြောင်း သတင်ပေးတိုင်ကြားလာခဲ့ရာ အကျဥ်းထောင်တွင်း သတိပေးချက်ထုတ်ခဲ့ပါတယ်။ ထို့နောက် အကျဥ်းထောင်ဝန်ထမ်းတွေက ယနေ့ (စက်တင်ဘာ ၆ ရက်) ဒေသစံတော်ချိန် မနက် ၄ နာရီမှာ အကျဥ်းသားစာရင်း စစ်ဆေးခဲ့ကြရာ ၆ ဦး ပျောက်ဆုံးနေကြောင်း သိရှိခဲ့ကြပါတယ်။
အစ္စရေးအကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေက အကျဥ်းခန်းထဲရှိ ရေချိုးခန်/အိမ်သာ ကြမ်းပြင်နေရာမှာ တွင်းတူးခဲ့ပြီး အကျဥ်းထောင်ပြင်ပကို ရောက်ရှိစေမယ့် ဥမင်လှိုဏ်ခေါင်းတူးထားခဲ့ကြတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအရ အကျဥ်းထောင်အပြင်ဘက်နေရာ လမ်းမတစ်နေရာမှာ နောက်ထပ် တွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အစ္စရေးလုံခြုံရေးအေဂျင်စီ Shin Bet ကတော့ ယခုဖြစ်ရပ်မှာ အကျဥ်းသားတွေဟာ အကျဥ်းထောင်ထဲကို ခိုးသွင်းထားတဲ့ မိုဘိုင်းဖုန်းဖြင့် ပြင်ပမှ လူတွေနဲ့ အဆက်အသွယ်ရှိခဲ့ပြီး ၎င်းတို့ကို ကားတစ်စီးဖြင့် စောင့်ဆိုင်းခေါ်ဆောင်သွားတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ အကျဥ်းသား ၆ ဦးအနက် ၅ ဦးဟာ လူသေဆုံးမှုတွေဖြစ်ခဲ့တဲ့ အစ္စရေးတို့ကို တိုက်ခိုက်မှုတွေကြောင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူတွေလို့ ဆိုပါတယ်။
ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဥ်းသားတွေကို အစ္စရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လိုက်လံရှာဖွေနေပြီး Gilboa အကျဥ်းထောင် အရှေ့ဘက် ၉ မိုင်အကွာရှိ အနောက်ဘက်ကမ်းခြေ သို့မဟုတ် ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိမသွားစေရန် လမ်းများပိတ်ဆို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။