• လူ ၁၀၀ နီးပါး အလုပ်ဖြုတ်လိုက်တဲ့ Twitter

အီလွန်မတ်စ်နဲ့ အရောင်းအဝယ်ကိစ္စလည်း ကသိကအောက် ဖြစ်နေပါတယ်

အီလွန်မတ်စ်ဝယ်မယ် ပြောထားတဲ့ Twitter ကုမ္ပဏီဟာ ဝန်ထမ်းခန့်ထားရေးအဖွဲ့ရဲ့ ၃၀% ကို လူလျှော့မှု လုပ်ခဲ့ပါတယ်။ 

The Wall Street Journal သတင်းအရ ကုမ္ပဏီရဲ့ ဝန်ထမ်းသစ် ခေါ်ယူရေးမှာ တာဝန်ယူနေတဲ့ Team ရဲ့ ၃၀% ကို လူလျှော့မှုလုပ်ခဲ့တာ ဖြစ်ပြီး လူလျှော့လိုက်တဲ့ ဦးရေဟာ ၁၀၀ မပြည့်ဘူးလို့လည်း ဆိုပါတယ်။ အလုပ်က ရပ်ဆိုင်းလိုက်တဲ့အတွက် နစ်နာကြေးတွေလည်းပေးသွားမှာ ဖြစ်ပြီး ပမာဏအတိအကျတော့ ပြောကြားခြင်း မရှိပါဘူး။ ကုမ္ပဏီအနေနဲ့ အရေးကြီးတဲ့ ရာထူးနေရာအများစုကလွဲပြီး ဝန်ထမ်းခေါ်ယူမှုနဲ့ အသစ်ထပ်အားဖြည့်မှုတွေ ရပ်ဆိုင်းထားပါတယ်။ 

image


ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်စ်က ဝယ်ယူဖို့ စကားပြောဆိုပြီးမှ မရေမရာဖြစ်လာချိန်မှာ အခုလို လူလျှော့တာတွေ လုပ်လာတာဟာ အဆန်းတော့လည်း မဟုတ်ပါဘူး။ ဒီအချက်အပြင် အမြတ်အစွန်းသိပ်မထွက်တဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအနေနဲ့ မသေချာတဲ့ စီးပွားရေးကာလတစ်ခုကို ဖြတ်ကျော်ဖို့ လူလျှော့ရတဲ့ ကိစ္စတွေ လုပ်လာရတာ ဖြစ်ပါတယ်။ 

Twitter ကို ဝယ်မယ့် အီလွန်မတ်စ်ဟာ ကုမ္ပဏီပလက်ဖောင်းပေါ်က spam အကောင့်ကိစ္စနဲ့ပတ်သက်ပြီး အရောင်းအဝယ်ရှေ့မဆက်ဘဲ တန့်ထားဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်အနေနဲ့ Twitter က ထုတ်ပြန်တဲ့ အကောင့်တုကိန်းဂဏန်းတွေဟာ အတည်ပြု လက်ခံလို့ မရဘူးလို့ ပြောထားပြီး ကိုယ်တိုင် စစ်ဆေးနိုင်အောင် အချက်အလက်ဝင်စစ်ခွင့် မပြုရင် အရောင်းအဝယ်ဖျက်ပစ်မယ်ဆိုပြီးအထိ ပြောကြားခဲ့ပါတယ်။


နည်းပညာကုမ္ပဏီကြီးတွေဟာ မရေရာတဲ့ စီးပွားရေးကာလတစ်ခုကို ရင်ဆိုင်ဖို့ ဝန်ထမ်းအင်အားလျှော့ချမှုတွေ လုပ်ဆောင်လာနေပါတယ်။ Social Media ကုမ္ပဏီတွေထဲက Snap နဲ့ Meta တို့လို Twitter ရဲ့ ပြိုင်ဘက်တွေလည်း စီးပွားရေးအခြေအနေကသောင်းကနင်းအခြေအနေကို ကိုင်တွယ်ဖို့ အစီအစဉ်တွေ ပြင်ဆင်နေပြီး Meta CEO မတ်ခ်ဇူကာဘတ်ကဆို ဝန်ထမ်းတွေအနေနဲ့ လူအင်အားနည်းနည်းနဲ့ အလုပ်ပိုလုပ်ဖို့ ပြင်ဆင်ထားဖို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောကြားခဲ့ပါတယ်။ ခန့်မှန်းခြေအရ ပြီးခဲ့တဲ့ ၂ လအတွင်း နည်းပညာဝန်ထမ်း ၃ သောင်းကျော် အလုပ်ဖြုတ်ခံခဲ့ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က