• လူအယောက် (၂၀၀) ကျော်စားလို့ရမယ့် ဒူးရင်းဘူဖေးပွဲ ရန်ကုန်မှာ နောက်တစ်ကြိမ် ထပ်ကျင်းပမည်

တစ်ဦးကို (၂၈,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။

“ အလှမစား အဝစား” ရမယ့် ဒူးရင်းဘူဖေးပွဲတော်ကို ဒုတိယအကြိမ်အဖြစ် တာမွေမြို့နယ်၊ ဓမ္မဒါနလမ်း၊ SCP ပျော်ပွဲစားရုံ မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

လာမယ့် ဇွန်လ (၁၉) ရက် မှာ ပြုလုပ်သွားမှာဖြစ်ပြီး တစ်ဦးကို (၂၈,၀၀၀) ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ဒူးရင်းဘူဖေးပွဲတော်မှာ ဒူးရင်းသီး တစ်ခုတည်း အဝစားရမှာမဟုတ်ဘဲ ကြက်‌မောက်သီး၊ မင်းဂွတ်သီး နဲ့ ဒူးရင်းကောက်ညှင်းတို့ပါ အဝစားသုံးနိုင်မှာဖြစ်ပါတယ်။


image

“ အစ်မက ဒူးရင်းသီးကြိုက်တဲ့သူလည်းဖြစ် ဘူဖေးပွဲကလည်း ရန်ကုန်မှာ သိပ်မရှိသေးတာကြောင့် ဒူးရင်းကြိုက်တဲ့သူတွေကို ကောင်းကောင်းလည်း စားစေချင်တယ်၊ ဝဝလင်လင်လည်း စားလို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ပထမ တစ်ခေါက်တုန်းကလည်း အားလုံးအဆင်ပြေတယ်။ စားကောင်းတယ်။ သဘောကျတယ်ဆိုတော့ ဝမ်းသာပါတယ်။ “ လို့ ဘူဖေးပွဲတော်ကို ဦးဆောင်ကျင်းပသူ မဝတ်ရည်က Duwun ကို ပြောပါတယ်။

ဘူဖေးချိန်ကို သုံးကြိမ်သတ်မှတ်ထားတာက မနက် (၁၀) နာရီမှ မနက် (၁၁) နာရီခွဲမှာ တစ်ကြိမ်၊ နေ့လယ် (၁၂) နာရီမှ (၁) နာရီခွဲမှာတစ်ကြိမ်၊ မွန်းလွဲ (၂) နာရီမှ (၃) နာရီခွဲမှာ တစ်ကြိမ် ပြုလုပ်သွားမှာပါ။ တစ်ကြိမ်ကို လူအယောက် (၇၀) ခန့် စားသုံးနိုင်ပြီး သုံးကြိမ်ကို လူအ‌ယောက် (၂၁၀) ခန့်စားသုံးနိုင်အောင် စီစဥ်ထားတာဖြစ်ပါတယ်။ စားသုံးချိန်ကိုတော့ တစ်နာရီခွဲ သတ်မှတ်ထားပါတယ်။

“ ဒူးရင်းသီးမျိုးစိတ်ကတော့ ယိုးဒယား ခြံနီးသီးမျိုးစိတ်ပါ။ ပထမတစ်ခေါက်လုပ်တုန်းကတော့ တစ်ယောက်ကို ၂ သောင်းခွဲပါ။ အခုတော့ ယိုးဒယားဒူးရင်းက ဈေးတက်သွားလို့ အစ်မတို့လည်း ဈေးနည်းနည်းတက်လိုက်ရတာပါ” လို့ ဘူဖေးပွဲတော်ကို ဦးဆောင်ကျင်းပသူ မဝတ်ရည်က ဆိုပါတယ်။

ဒူးရင်းသီးရာသီမကုန်ခင်မှာ တတိယအကြိမ် ဒူးရင်းဘူးဖေးပွဲတော်ကို ထပ်မံကျင်းပသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

“ ပထမတစ်ခေါက်လုပ်တုန်းက အယောက် (၁၈၀) လောက်လာစားတယ်။ တကယ်စားနိုင်တဲ့သူတွေကတော့ တစ်ယောက်ကို ၇ ဘူး ၈ ဘူးလောက်ကုန်ပါတယ်။ တစ်ချို့ကျပြီးတော့ စားပြီး ၂ ဘူး ၃ ဘူးလောက်နဲ့ အီသွားတာလည်းရှိပါတယ်။ ထင်ထားတာထက် ပိုကုန်သွားပြီး အသီးမလောက်တာမျိုးတောင် ဖြစ်သွားတယ်။ အခု ဒုတိယတစ်ခေါက်မှာ သေချာလေးပြင်ဆင်ထားပါတယ်” လို့ မဝတ်ရည်က ပြောပါတယ်။

လက်ရှိမှာတော့ ဇွန်လ (၁၉) ရက်မှာ ပြုလုပ်မယ့် “အလှမစားနဲ့ အဝစား” ဒူးရင်းဘူဖေးပွဲတော်အတွက် ကြိုတင်စာရင်း‌ပေးသွင်းနိုင်ပြီး လူဦးရေ ပြည့်ခါနီးဖြစ်တာကြောင့် အမြန်စာရင်းပေးသွင်းနိုင်တယ်လို့လည်း သိရပါတယ်။

ဒူးရင်းသီးကတော့ လက်ရှိစျေးကွက်မှာ တစ်လုံးကို (၃,၀၀၀) ခန်ကနေ အများဆုံး သောင်းဂဏန်းဝန်းကျင်လောက်ထိ ရှိတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က