Street Food တွေပေါများတဲ့ ကျောက်မြောင်းထဲမှာတော့ ဒေါ်ဘိတ်ကတ်ကြေးကိုက်ဆိုင်လေးကလည်း ဈေးတန်တန်လေးနဲ့ အရသာကောင်းကောင်းလေးနဲ့ နာမည်တစ်ခုရနေတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်။
၁၀ နှစ်ကျော်သက်တမ်းရှိတဲ့ ဒေါ်ဘိတ်ကတ်ကြေးကိုက်
ဒေါ်ဘိတ်ကတ်ကြေးကိုက်ဆိုင်လေးက ကျောက်မြောင်းမှာ ရောင်းလာတာ (၁၀) နှစ်သက်တမ်းရှိပါပြီ။ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်ဘိတ်ဟာ မြိတ်မြို့ဇာတိဖြစ်တဲ့အပြင် နဂိုကတည်းက ဈေးရောင်းတာနဲ့ ရင်းနှီးတာကြောင့် မြိတ်မြို့ကနေ ရန်ကုန်တက်လာချိန်မှာ မျိုးစုံရောင်းချခဲ့ဖူးတယ်လို့ဆိုပါတယ်။ ကုန်စိမ်းတွေရောင်းတာ၊ ရခိုင်မုန့်တီ၊ သတ်သတ်လွတ်တုတ်ထိုး စတာတွေ ရောင်းဖူးပြီး မြိတ်အစားအစာဖြစ်တဲ့ သာခွေယိုင်၊ ငှက်ပျောပေါင်းတို့လည်း ရောင်းဖူးခဲ့ကာ နောက်ဆုံးမှာတော့ မြိတ်ကတ်ကြေးကိုက် ရောင်းရင်း အံဝင်ခွင်ကျဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
“ ကတ်ကြေးကိုက် ကို အစကတည်းက ရင်းနှီးမှုရှိတယ်၊ အရင်က မြိတ်မှာ အသုပ်ရောင်းတယ်။ ကတ်ကြေးကိုက်ကျတော့ အန်တီ့ဆိုင်ရဲ့ အနောက်က တရုတ်အဖိုးကြီးက ရောင်းတာ။ သူ့က အဓိက မြင်ဆရာပေါ့။ သူကြော်တာကြည့်ထားတော့ ကိုယ်က ကတ်ကြေးကိုက် မရောင်းဖူးပေမယ့် လုပ်နည်းက ရင်းနှီးနေတယ်။ အဲဒါနဲ့ ရန်ကုန်ရောက်တော့ ဈေးမျိုးစုံရောင်းခဲ့ဖူးတယ်။ နောက်ဆုံးတော့ ကတ်ကြေးကိုက် ရောင်းတာနဲ့မှ အဆင်ပြေသွားတာ” လို့ ဒေါ်ဘိတ်က ဆိုပါတယ်။
“ မြိတ်သူဖြစ်တာကြောင့် ကတ်ကြေးကိုက်ရောင်းရတာ ဂုဏ်ယူတယ်”
မြိတ်သူဖြစ်တာကြောင့် ကတ်ကြေးကိုက် ရောင်းရတာကို နှစ်သက်ပြီး မြိတ်သူမြိတ်သူတွေလည်းအားပေးတဲ့အပြင် နိုင်ငံခြားရောက်မြန်မာတွေပါ လှမ်းပြီး အားပေးကြတယ်လို့ ဆိုပါတယ်။ မြိတ်အရသာနဲ့တူအောင် မြိတ်က ထွက်တဲ့ ပအုံးရည်စစ်စစ်ကို အသုံးပြုတယ်လို့ ဆိုပါတယ်။
“ အစားအစာရောင်းရတာက စိတ်ချမ်းသာတယ်။ ရန်ကုန်မှာလာရောင်းတယ်ဆိုတော့ ကိုယ့်မြိတ်သူ မြိတ်သားတွေလည်း အားပေးတယ်။ ရန်ကုန်က စားသုံးသူတွေလည်း အားပေးတယ်။ နိုင်ငံခြားတို့ဘာတို့ ထိရောက်တယ်။ ” ဒေါ်ဘိတ်က ဆိုပါတယ်။
ပေါချောကောင်းနဲ့ လူတန်းစားမရွေးစားနိုင်တဲ့ ဒေါ်ဘိတ်ကတ်ကြေးကိုက်
ဒေါ်ဘိတ် ကတ်ကြေးကိုက်ကို စဖွင့်တည်းကနေ ဆယ်နှစ်အထိ တစ်ပွဲ (၁၀၀၀) ကျပ်၊ (၁၅၀၀) ကျပ်နဲ့ ရောင်းချပေးနေပြီး အခုတော့ ကုန်ဈေးနှုန်း တွေ မြင့်တက်လာတာကြောင့် တစ်ပွဲကို (၂၀၀၀) ကျပ်၊ (၂၅၀၀) ကျပ်နဲ့ရောင်းချပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျွန်မက လက်သာတယ်၊ စားသုံးသူကိုပိုပိုသာသာအမြဲထည့်ပေးတယ်။ စားလည်းကောင်းရမယ် ပေါလည်းပေါရမယ်။ ပေါချောင်ကောင်းလေး ဖြစ်အောင် လုပ်ပေးတယ်။ တစ်ချို့ကချဉ်ငံစပ်ကြိုက် တစ်ချို့က အချိုကြိုက်တာပေါ့နော်။ သူတို့ကြိုက်တာလေးတွေလုပ်ပေးတယ်။ အရသာကို ထိန်းထားတယ်။ မြည်းလိုက်တာနဲ့ ကိုယ်က ဘာအရသာမပါသေးဘူးဆိုတာ သိတယ်။ တစ်ပွဲ ၂၀၀၀ ဈေးတက်တာ ရက်ပိုင်းပဲရှိသေးတယ်” လို့ ဆိုပါတယ်။
စီးပွားရေးဆန်ဆန်မလုပ်ဘဲ မိသားစုတပိုင်တနိုင်လေးအဖြစ်ရောင်းတဲ့ဆိုင်လေး
ဒေါ်ဘိတ်ကတ်ကြေးကိုက်ဆိုင်ကို စဖွင့်ကတည်းက ဆယ်နှစ်ကျော်ကြာတဲ့အထိ ဆိုင်ခန်းကြီးတွေ မငှားဘဲ မူလပုံစံလေးအတိုင်းပဲ ရောင်းနေတယ်လို့ ဆိုပါတယ်။
“ ဆိုင်ကြီးကြီးလုပ်ရင် လေးငါးသိန်းပေးရရင် ကိုယ့်ဆိုင်က ပစ္စည်းတွေကိုလည်း ဈေးမြှင့်လိုက်ရမယ်။ လူတန်းစားမရွေး မစားနိုင်တော့ဘူးပေါ့။ အခုဆို အပြင်ကနေကြည့်ရင်လည်း ဒီဆိုင်လေးက မဆိုးဘူး။ ဈေးလေးလည်း မဆိုး လက်ရာလည်းကောင်းတယ်ဆိုပြီး စားကြတာပေါ့နော်။ ဆိုင်ကြီးဆိုရင် လူတိုင်းမလာတော့ဘူး သူတို့လည်းရှိန်တာပေါ့။ ကျွန်မကတော့ ဒီဆိုင်လေးအတိုင်းပဲ ရောင်းပါတယ်” လို့ ဒေါ်ဘိတ်က ဆိုပါတယ်။
ကျန်းမာရေးကောင်းနေသရွေ့ဆက်ရောင်းနေဦးမယ် ဒေါ်ဘိတ်
ဈေးရောင်းတာကို နှစ်သက်တဲ့ ဒေါ်ဘိတ်တစ်ယောက်တော့ ဒီအလုပ်ကို ကျန်းမာရေးမကောင်းနေသရွေ့ ဆက်ရောင်းနေဦးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သမီးဖြစ်သူနဲ့ အတူတူ တစ်လှည့်စီရောင်းနေပြီး တစ်ရက်ကို ၄၅ ပိဿာလောက်ရောင်းရတယ်လို့ ဆိုပါတယ်။
“ဈေးမရောင်းရရင် ခါးကိုက်တယ်။ အခုချိန်ထိ ကျန်းမာရေးကောင်းနေဆဲပဲ။ ဈေးမရောင်းရရင် ကျန်းမာရေးမကောင်းဘူး။ ကျွန်မက မနက်ခင်းရောင်းတယ်။ နေ့ခင်းကနေ ညအထိက သမီးရောင်းတယ်ပေါ့နော်။ ကျွန်မကတော့ ရှိနေသမျှ ရောင်းမယ်။ အသက်ကြီးလာရင် လူကူမှာပေါ့။ တတ်နိုင်သမျှ ရောင်းသွားမယ်။ ” လို့ ဆိုပါတယ်။
ဒေါ်ဘိတ်ကတ်ကြေးကိုက်ဆိုင်လေးတည်ရှိရာ
ဒေါ်ဘိတ်ကတ်ကြေးကိုက်ဆိုင်လေးကတော့ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျားကွက်သစ်လမ်းနဲ့ သတိပဌာန်လမ်းထောင့်မှာ တည်ရှိပြီး မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားတာပါ။ ဒါကြောင့်မို့ ဈေးတန်တန်နဲ့ ကတ်ကြေးကိုက်အရသာကောင်းကောင်းလေး စားချင်တဲ့သူတွေအတွက် ကျောက်မြောင်းဘက်ရောက်ရင် ဒေါ်ဘိတ်ကတ်ကြေးကိုက် ဆိုင်လေးမှာ စားကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။
Share