• မာနေးတယောက် ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြနေတာလား၊ ရုန်းကန်နေရတာလား?

မနေ့ကပွဲမှာလည်း မာနေးကို နည်းပြက လူစားလဲခဲ့ပါတယ်။

မနေ့ညက ချန်ပီယံလိဂ်အုပ်စုပွဲမှာ မာနေးကို လူစားလဲခဲ့တဲ့နောက် ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းက မာနေးအနေနဲ့ အသင်းမှာ အသားကျအောင် ကြိုးစားရဦးမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမှာ ဘာစီလိုနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဖွင့် နှစ်ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

image

ဒါပေမယ့် တိုက်စစ်ပိုင်းက မာနေးအနေနဲ့ ဒီပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားကစားခဲ့သည့်တိုင် ဘာစီလိုနာနောက်တန်းကို ကျော်ဖြတ်ဖို့၊ အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိစေဖို့ဆိုတဲ့နေရာတွေမှာ ထိရောက်တဲ့ ပုံစံကောင်းကို မပြသနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပွဲကစားချိန် မိနစ် (၇၀) မှာလည်း မာနေးက နာဘရီနဲ့ လူစားလဲခံခဲ့ရပါတယ်။

image

ပွဲအပြီးမှာလည်း ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းက “မာနေးက လီဗာပူးအတွက် အများကြီး စွမ်းဆောင်ပြခဲ့တဲ့ ကစားသမားပါ။ သူက ကျနော်တို့ရဲ့ ခေါ်ယူမှုအသစ်ဖြစ်ခဲ့ပြီး အသင်းနဲ့ အသားကျဖို့ လိုအပ်ပါသေးတယ်။ သူကိုယ်တိုင်လည်း ကြိုးစားခဲ့ပါတယ်။ သူ ဘိုင်ယန်မြူးနစ်မှာ အောင်မြင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးပွဲထွက်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ၊ ဂျာမန်စူပါဖလားပွဲ နဲ့ ဘွန်ဒက်စ်လီဂါတို့မှာ ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ မာနေးက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၅) ဂိုး သွင်းယူပေးထားပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆) ပွဲမှာ ဂျာမန်ပိုကယ်ဖလားပွဲအဖြစ် ကစားခဲ့တဲ့ ဗစ်တိုးရီးယားကိုလုံးနဲ့ပွဲကလွဲလို့ မာနေးက (၅) ပွဲအထိ ဂိုးပေါက်ပျောက်ထားခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း ဘိုင်ယန်မြူးနစ်က နောက်ဆုံးသုံးပွဲဆက်တိုက် သရေကျခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်ခွင့်ကို ဆုံးရှုံးထားရပါတယ်။ 

Share

Loading Next Article...
က္က