ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဥ်မတိုင်ခင်မှာ ပြိုင်ဘက်မန်စီးတီးနဲ့ပတ်သက်လို့ လေးစားမှုရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရော်နယ်ဒိုကို လှောင်ပြောင်မှုတွေသာ ပြုလုပ်နေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က မန်စီးတီးကွင်းမှာ ၆-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို ရော်နယ်ဒိုကလည်း ပွဲအစအဆုံး အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အသင်းရဲ့ရလဒ်ပိုင်းကြောင့် အရန်ခုံမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတာကို ရုပ်သံကင်မရာတွေက အမိအရ ဖော်ပြခဲ့ပြီး ရော်နယ်ဒိုကို ထည့်မသုံးတဲ့ တန်ဟက်ခ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ရွိုင်ကိန်းနဲ့ ပီယာ့စ်မော်ဂန်တို့က ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းမှာတော့ ရော်နယ်ဒိုဟာ မန်စီးတီး အိမ်ကွင်း အီတိဟတ်ကို ရောက်ရှိလာချိန်မှာ ကြမ်းပြင်မှာရေးဆွဲထားတဲ့ ပြိုင်ဘက်မန်စီးတီးရဲ့လိုဂိုကို ရှောင်ကွင်းသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသင်းဖော်ကက်စ်မဲရိုးနဲ့အတူ အီတိဟတ်ကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး မန်စီးတီးလိုဂိုနားကို ရောက်တဲ့အချိန်မှာ တက်မနင်းဘဲ ဘေးကနေ ရှောင်ကွင်းသွားခဲ့တာဖြစ်ပါတယ်။ အသက် (၃၇) နှစ်အရွယ် အဆိုပါ ပေါ်တူဂီသားကြီးရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ လှောင်ပြောင်သူတွေသာ များနေခဲ့ပါတယ်။ ပရိသတ်တွေက “ရော်နယ်ဒိုက မန်စီးတီးလိုဂိုပေါ်ကို တက်နင်းသွားရင်လည်း ဘာအသံမှကြားရမှာ မဟုတ်ပါဘူး” လို့ ဝေဖန်ခဲ့ပါတယ်။
ပရိသတ်တယောက်ကတော့ “ရော်နယ်ဒိုရဲ့ မန်စီးတီးနဲ့ပွဲမှာ ပြိုင်ဘက်လိုဂိုကို မနင်းဘဲ ရှောင်သွားခဲ့ပါတယ်။ လေးစားစရာကောင်းတဲ့ လူတယောက်ပါ။ သူက ငါ့ရဲ့ စာအုပ်တွေထဲမှာ GOAT တယောက်ပါ” လို့ ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် အချို့သော ပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို နောက်ပြောင်နေခဲ့ကြပါတယ်။ ပရိသတ်တွေက “မန်စီးတီးလိုဂိုကို တက်နင်းမှုနဲ့ ရော်နယ်ဒိုကို အနီကတ်ပြပြီး (၃) ပွဲ ပယ်လိုက်ပါတယ်”
“ရော်နယ်ဒိုတယောက် ကွင်းထဲကိုပါ မဝင်ဘဲ ရှောင်သွားတာ ကောင်းပါတယ်” လို့ အမျိုးမျိုး ရေးသား နောက်ပြောင်နေကြပါတယ်။ ဒီပွဲအပြီးမှာလည်း မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ရော်နယ်ဒိုဆီက ဂျာစီကို သွားရောက်တောင်းယူခဲ့တယ်လို့ သိရှိရပြီး ရော်နယ်ဒိုနဲ့ပတ်သက်လို့တော့ ပွဲအစအဆုံး အရန်ခုံထိုင်နေရရင်တောင် ဇာတ်လမ်းတွေက ရိုးရတယ်လို့ကို မရှိဘဲဖြစ်နေခဲ့တာပါ။