စပါးနည်းပြဟောင်း ကွန်တီက စပါးအနေနဲ့ ရည်မှန်းချက် နည်းပါးလွန်းကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ကွန်တီဟာ ဒီရာသီမှာ စပါးနည်းပြရာထူးကို စွန့်လွှတ်ခဲ့ရပြီး လက်ရှိအချိန်အထိလည်း အသင်းလက်မဲ့ဖြစ်နေဆဲ နာမည်ကျော်နည်းပြတစ်ယောက်ပါ။
ကွန်တီဟာ စပါးနဲ့ လမ်းမခွဲခင်မှာ အသင်းကစားသမားတွေက လုံလောက်တဲ့ ပေးဆပ်မှုတွေမရှိကြောင်း၊ အောင်ပွဲတွေအပေါ် ဆာလောင်မှုမရှိကြောင်း လူသိရှင်ကြား ဖွင့်ဟဝေဖန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူနဲ့ စပါးအသင်းအကြား အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အခုလိုမျိုးပဲ ရာထူးကနေ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ကွန်တီဟာ ရည်မှန်းချက်ကြီးမားတဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။
သူ့အနေနဲ့ အသင်းကို စိတ်ကြိုက်ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ပြီး ဆုဖလားတွေ ရယူလိုတဲ့ ဆန္ဒရှိပေမယ့် စပါးဥက္ကဌ လီဗိုင်းနဲ့သူ့အကြား ဆက်ဆံရေးကလည်း ပြိုလဲခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကွန်တီက စပါးနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပြီး အခုချိန်မှာ အသင်းဟောင်းနဲ့ အတွေ့အကြုံအကြောင်း ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။
ကွန်တီက “ကျွန်တော် အသင်းကို စရောက်တဲ့အချိန်မှာ စပါးက အဆင့် (၈) ၊ အဆင့် (၉) လောက်မှာရှိပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဆင့်မမီသေးပါဘူး။ ဒီရာသီမှာတော့ အသင်းက အဆင့် (၄) နေရာမှာ ရှိနေပေမယ့် ကျွန်တော်ကတော့ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ဆုံးအတွေ့အကြုံကို ပြောရရင် အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စရပ်တွေ ရှိခဲ့ပါတယ်”
“အချို့အရာတွေကျတော့လည်း ဒီလိုမဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့က တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး ကျွန်တော်တို့မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ခဲ့ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးဟာ နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ရဲ့ လူရိုသေ၊ ရှင်ရိုသေ အသင်းဖြစ်လာခဲ့ပေမယ့် ဆုဖလားတွေနဲ့တော့ အခုချိန်အထိ ဝေးကွာနေဆဲလည်း ဖြစ်ပါတယ်။