ဒီကနေ့ညမှာ ကစားမယ့် ယူရိုပါလိဂ်ပွဲစဥ်မတိုင်ခင်မှာ ရှရစ်ဖ်တိုက်စစ်မှူး အကန်ဘီက သူ့အနေနဲ့ ယူနိုက်တက်က အန်တိုနီ၊ ရော်နယ်ဒိုတို့လို ကစားသမားတွေနဲ့ တွေ့ချင်ပြီး အထူးသဖြင့် မက်ဂွိုင်းရားနဲ့ ထိပ်တိုက်တွေ့ချင်တယ်လို့ ပြောလာပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့လည်း ရင်ဆိုင်လိုကြောင်း အဆိုပါ နိုင်ဂျီးရီးယား တိုက်စစ်မှူးက ပြောကြားခဲ့ပါသေးတယ်။

အကန်ဘီက “ကျနော်အန်တိုနီ၊ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ ရင်ဆိုင်လိုပြီး အထူးသဖြင့် မက်ဂွိုင်းရားနဲ့ တွေ့ချင်ပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတာက ကျနော်တို့အတွက် ကောင်းမွန်ပြီး ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းမှာရှိတဲ့လူတိုင်းကို ကျနော် ယုံကြည်လို့ပါပဲ။ ယူနိုက်တက်လိုအသင်းမျိုးက ကျနော်တို့ ရင်ဆိုင်ချင်တဲ့အသင်းမျိုးပါ”

“ကစားသမားတွေအနေနဲ့ ပြောရမယ်ဆိုရင် မက်ဆီ အပါအဝင် အခြားကစားသမားအများအပြားနဲ့ ကျနော် ရင်ဆိုင်ချင်ပါတယ်။ ဒါပေမယ့် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့က အဓိကပေါ့။ ကျနော် ဗာရက်တီနဲ့လည်း ရင်ဆိုင်ချင်ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရှရစ်ဖ်ဟာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ အိုမိုနီးယားကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်ကတော့ အိမ်ကွင်းမှာတင် ဆိုစီဒက်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ ယူရိုပါလိဂ်ပွဲတွေမှာ မက်ဂွိုင်းရား၊ ရော်နယ်ဒိုတို့ကို ပွဲထွက်သွားဖွယ်ရှိပါတယ်။ မက်ဂွိုင်းရားကတော့ ဒီရာသီမှာ ယူနိုက်တက်အတွက် သူပါဝင်ကစားပေးထားသမျှ ပွဲတိုင်း ရှုံးနိမ့်ထားတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် အန်တိုနီကလည်း ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပွဲထွက်ပါဝင်ခဲ့တာ၊ ယူနိုက်တက်အနေနဲ့ ဒီပွဲပြီးရင် လာမယ့် အောက်တိုဘာ (၂) မှသာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည်ရင်ဆိုင်ရမှာတွေကြောင့် အကန်ဘီရဲ့ ဆန္ဒတွေ ပွဲထွက်တာနဲ့ ပြည့်ဝနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။