Berkshire Hathaway သူဌေးကြီး ဝါရင်ဘတ်ဖတ်ဟာ Call Of Duty ဂိမ်းကုမ္ပဏီမှာလည်း သူ့ရဲ့ ဓနဥစ္စာတွေ စိုက်ပျိုးထားခဲ့ပါတယ်။
Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေကြီးတစ်ဦးဖြစ်တဲ့ ဝါရင်ဘတ်ဖတ်ဟာ Activision Blizzard ကို Microsoft ကနေ စံချိန်တင်ငွေသုံးစွဲပြီး ဝယ်ယူမှုမလုပ်ခင်မှာ ရှယ်ယာ ဒေါ်လာ ၉၇၅ သန်းဖိုး ဝယ်ယူခဲ့တယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ စတုတ္ထသုံးလပတ် ၂၀၂၁ ခုနှစ်ထဲမှာ ဝယ်ယူခဲ့တာ ဖြစ်ပြီး Activision Blizzard မှာ အစုရှယ်ယာ ၁၄.၆၆ သန်းကို Berkshire က ပိုင်ဆိုင်ထားတာပါ။

Photo: CNBC
ဇန်နဝါရီလလယ်ပိုင်းလောက်မှာ Microsoft က Activision ကို ဒေါ်လာ ၆၈.၇ ဘီလျံနဲ့ ဝယ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ Activision ကို ရှယ်ယာတစ်စု ၉၅ ဒေါ်လာသတ်မှတ်ပြီး ဒေါ်လာ ၆၈.၇ ဘီလျံအထိ ပေးဝယ်ခဲ့တာ ဖြစ်လို့ Microsoft ဝယ်ဖူးသမျှ လုပ်ငန်းတွေထဲမှာ ကြေးအမြင့်ဆုံး ပေးဝယ်သွားတာလို့လည်း ဆိုရမှာပါ။
Microsoft လက်ထဲ မရောက်ခင် Activision မှာ ရှယ်ယာ ဒေါ်လာ ၁ ဘီလျံနီးပါးဖိုး ဝယ်ထားတဲ့ ဝါရင်းဘတ်ဖတ်ကတော့ ပိုပြီး ဉာဏ်ပြေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လုပ်ငန်းအရောင်းအဝယ်ပြီးပြတ်ရင် ဘတ်ဖတ်အတွက် အမြတ်အစွန်းတွေ အပုံကြီး ကျန်ဖို့ ရှိပါတယ်။ လက်ရှိမှာလည်း ရှယ်ယာတစ်စုကို ၈၂ ဒေါ်လာနှုန်းနဲ့ ၂၅% အထိ တက်နေတယ်လို့ ဆိုပါတယ်။
Activision နဲ့ လုပ်ငန်းခွဲတွေမှာ ကျားမခွဲခြားဆက်ဆံမှုနဲ့ အမျိုးသမီးတွေကို အမျိုးသားတွေထက် လစာလျှော့ပေးတာတွေကြောင့် ကယ်လီဖိုးနီးယားပြည်နယ် မျှတတဲ့ အလုပ်ခန့်အပ်မှုနဲ့ အိမ်ရာဌာနကနေ တရားစွဲခဲ့ပြီးနောက် စတုတ္ထသုံးလပတ်ကမှာ Activision ရှယ်ယာဈေးဟာ ဒေါ်လာ ၅၆.၄၀ အထိ ကျသွားခဲ့ပါတယ်။ ဘတ်ဖတ်က ရှယ်ယာဈေးထိုးကျချိန်မှာ ရှယ်ယာ ၁၅ သန်းနီးပါး ဝယ်သွားခဲ့တာပါ။
Photo: axios
ဝါရင်ဘတ်ဖတ်ရဲ့ မိတ်ဆွေ Microsoft တည်ထောင်သူနဲ့ CEO ဟောင်း ဘီလ်ဂိတ်စ်ဟာ ၂၀၂၀ မှာ Berkshire နဲ့ Microsoft ဘုတ်အဖွဲ့တွေကနေ နှုတ်ထွက်ခဲ့သလို Bill & Melinda Gates Foundation မှာ ဘဏ္ဍာထိန်းအဖြစ် တာဝန်ယူထားတဲ့ ဘတ်ဖတ်လည်း ၂၀၂၁ မှာ တာဝန်က နှုတ်ထွက်သွားခဲ့ပါတယ်။
Forbes မဂ္ဂဇင်းအချက်အလက်တွေအရ ဂိတ်စ်နဲ့ ဘတ်ဖတ်တို့ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ စာရင်းမှာ နံပါတ် ၄ နဲ့ ၆ နေရာစီကနေ ရပ်တည်နေကြတယ်လို့ ဆိုပါတယ်။