• မြန်မာ့ဘောလုံးနဲ့ ဂျာမနီ ရေစက်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေကို မှတ်တမ်းဝင်အောင်မြင်မှုတစ်ချို့ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြတွေကတော့

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေကို နိုင်ငံခြားသားနည်းပြတွေအများအပြားတာဝန်ယူကိုင်တွယ်ခဲ့ဖူး ပါတယ်။ မြန်မာ့ဘောလုံးသမိုင်းတလျှောက်မှာ ၁၉၇၂ခုနှစ်ကစပြီး ၂၀၁၈ အထိ ၄၆နှစ်အတွင်း မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းတွေကို နိုင်ငံခြားသားနည်းပြ ၁၂ဦးတာဝန်ယူကိုင်တွယ်ခဲ့ဖူးပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို တာဝန်ယူကိုင်တွယ်ဖူးတဲ့ နည်းပြ ၁၂ဦးက ဂျာမနီ၊ နယ်သာလန်၊ ဆားဘီးယား၊ အင်္ဂလန်၊ ဘူဂေးရီးယား၊ ဘရာဇီး၊ ခရိုအေးရှား၊ ကိုရီးယားစတဲ့နိုင်ငံတွေကပါ။

 

မြန်မာ့ဘောလုံးအောင်မြင်ဖို့အတွက် နိုင်ငံစုံက နည်းပြပေါင်းများစွာကို ငှားရမ်းပြီး ခေတ်အဆက်ဆက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေက ကြိုးပမ်းခဲ့ပေမယ့် ပရိသတ်တွေအကြားမှာ လူကြိုက်များပြီး ပြောစမှတ် ဖြစ်စေခဲ့တဲ့နည်းပြအရေအတွက်ကတော့ ရှားပါးပါတယ်။ အောင်မြင်မှုရှားပါးလွန်းလို့ အောင်မြင်မှုကို ငတ်မွတ်နေတဲ့ မြန်မာပရိသတ်တွေအတွက် စိတ်ဖြေနိုင်စေမယ့် အောင်မြင်မှုအချို့ကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြတစ်ချို့တော့ရှိပါတယ်။ ထူးခြားတာက ဒီနည်းပြတွေက ဂျာမနီလူမျိုးတွေဖြစ်နေတာပါ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေကို မှတ်တမ်းဝင်အောင်မြင်မှုတစ်ချို့ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြတွေကတော့………………

image
 

ဘန်ဟတ်ကားလ်ထရော့မန်း (၁၉၇၂-၁၉၇၄)

၁၉၇၂ မြူးနစ်အိုလံပစ်ခြေစစ်ပွဲအောင်ပြီးနောက်မှာ မြန်မာ့လက်ရွေးစင်အသင်းအောင်မြင်မှုရဖို့အတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို စတင်ငှားရမ်းခဲ့ပါတယ်။ သူကတော့ ဂျာမနီလူမျိုးနည်းပြ ထရော့မန်းပါ။ ထရော့မန်းက မြန်မာ့ဘောလုံးသမိုင်းရဲ့ပထမဆုံး ဂျာမနီလူမျိုးနည်းပြလည်းဖြစ်ပါတယ်။ ထရော့မန်းက ဂျာမနီလူမျိုးစစ်သားတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်မှာ အင်္ဂလန်ကို စစ်သုံ့ပန်အနေနဲ့ အဖမ်းခံရပြီးနောက်မှာ ဘောလုံးကစားရာကနေ အင်္ဂလန်မှာ ဘောလုံးသမားဖြစ်လာခဲ့တာပါ။

 

ထရော့မန်းက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို မြူးနစ်အိုလံပစ်မှာ မြန်မာ့နာမည်ကျော်နည်းပြ ဦးစိန်လှိုင် နဲ့တွဲဖက်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲမှာ ဆိုဗီယက်ကို ဝ-၁၊ မက္ကဆီကို ကို ဝ-၁ ဂိုးတွေနဲ့ရှုံးပြီး အာဖရိကအသင်း ဆူဒန်ကို ၂-ဝနဲ့အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းရဲ့ပထမဆုံးကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ မှတ်တမ်းဝင်အောင်မြင်မှု နှစ်ခုကို ထရော့မန်းနဲ့ ဦးစိန်လှိုင်တို့က စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကတော့ အိုလံပစ်မှာပထမဆုံး ရယူနိုင်ခဲ့တဲ့ ရမှတ်နဲ့ အသန့်ရှင်းဆုံးအသင်းဆုချီးမြှင့်ခံခဲ့ရတာပါ။

 

ထရော့မန်းဟာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို နည်းပြအဖြစ် ၁၉၇၄ခုနှစ်အထိတာဝန်ယူကိုင်တွယ်ခဲ့ ပြီး ၁၉၇၃ စင်ကာပူကျွန်းဆွယ်အားကစားပြိုင်ပွဲ (ယခု-ဆီးဂိမ်း) မှာလည်း ရွှေတံဆိပ်ရအောင်စွမ်းဆောင်ပေးနိုင် ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ထရော့မန်းဟာ တန်ဇန်နီးယား၊ လိုက်ဘေးရီးယားနဲ့ ပါကစ္စတန်အသင်းတွေကို နည်းပြလုပ်ခဲ့ပြီး အသက် ၈၉နှစ်အရွယ် ၂၀၁၃၊ ဇူလိုင် ၁၉မှာ ကွယ်လွန်ခဲ့ပါတယ်။

 

ဝါနာအက်စ်ဘစ်ကယ်လာ (၁၉၉၂-၁၉၉၃)

မြန်မာနိုင်ငံကိုနောက်ထပ်ရောက်ရှိလာတဲ့ ဂျာမနီနည်းပြတစ်ဦးကတော့ မစ္စတာ ဝါနာပါ။ သူကတော့ မြန်မာ့ဘောလုံးလောကမှာ ငွေခေတ်ဆိုပြီး ပရိသတ်တွေပြောစမှတ်ဖြစ်စေခဲ့တဲ့ မှတ်တမ်းတစ်ချို့ရေးထိုးနိုင်ခဲ့ပါတယ်။ မြန်မာ့ဘောလုံးသမိုင်းမှတ်တမ်းတွေအရ မစ္စတာ ဝါနာဟာ ၁၉၉၂၊ အောက်တိုဘာ ၁၃ရက်မှာ မြန်မာနိုင်ငံကိုရောက်လာပြီး အောက်တိုဘာ ၁၅ရက်မှာတွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက မစ္စတာ ဝါနာရဲ့လစာနှုန်းက မြင့်မားတယ်လို့ဆိုနိုင်ပြီး တစ်လ ဒေါ်လာ ၅၀၀၀ အပြင် နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်အတွက် မြန်မာကျပ်ငွေကအစ ထောက်ပံ့ပေးခဲ့ရပါတယ်။

မစ္စတာ ဝါနာရဲ့ထူးခြားချက်က အသင်းကိုစပြီးတာဝန်ယူကတည်းက မြန်မာဘောလုံးအသင်းတွေအရိုးစွဲနေတဲ့ (၄-၄-၂) ပုံစံအစား (၃-၅-၂) နဲ့အစားထိုးခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ စည်းကမ်းပိုင်းပါ။ ဝါနာဟာ ကစားသမားတွေရဲ့စည်းကမ်းပိုင်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး အားနည်းချက်တွေ့ခဲ့ရင် စာရေးသားကာ အဖွဲ့ချုပ်ကို ချက်ချင်းတိုင်တတ်တယ်လို့ သိရပါတယ်။ ဒါတောင်မှာ သူကိုင်တွယ်တဲ့အသင်း စင်ကာပူ ဆီးဂိမ်းမှာတုန်းက နောက်ခံလူတစ်ယောက်က ကုန်တိုက်ကနေ ပစ္စည်းခိုးမှုဖြစ်ပွားခဲ့ပါသေးတယ်။ ဒီကစားသမားကိုလည်း ဝါနာက ချက်ချင်းထုတ်ပယ်ခဲ့ပါတယ်။

 

မစ္စတာ ဝါနာရဲ့မှတ်တမ်းဝင်အောင်မြင်မှုက ၁၉၉၃ဆီးဂိမ်းမှာ မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက်အောင် စွမ်းဆောင်ပြီး ငွေတံဆိပ်ရယူနိုင်ခဲ့တာပါ။ ဒါက ပြောပလောက်တဲ့ဆုတံဆိပ်မဟုတ်ပေမယ့် ၁၆နှစ်အကြာမှာ ပထမဆုံးဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်သလို အာဆီယံမှာ မြန်မာ့ဘောလုံးလူတစ်လုံးသူတစ်လုံး ပြန်ဖြစ်လာစေမယ့် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တာက မှတ်တမ်းဝင်စေခဲ့ပါတယ်။ မစ္စတာ ဝါနာ ကိုင်တွယ်ပြီးနောက်ပိုင်းမှာ မြန်မာ့ဘောလုံးငွေခေတ်လို့ ပရိသတ်တွေတင်စားခဲ့ကြတဲ့ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ဝင်းအောင်၊ တင်မြင့်အောင်၊ ကြည်လွင်၊ စောဘမြင့်၊ ကျော်မင်း၊ တင်မျိုးအောင်၊ စတဲ့ကစားသမားတွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဝါနာမွေးထုတ်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေဟာ ဆုကြေးစားကစားသမားတွေအနေနဲ့ ပြည်ပထွက်ကစားနိုင်ခဲ့သလို လက်ရှိအချိန်အထိလည်း အဆင့်မီနည်းပြဆရာတွေအနေနဲ့ လူငယ်လက်ရွေးစင်အသင်းတွေကို ကိုင်တွယ်နေပြီး ဘောလုံးလောကကို အကျိုးပြုနေနိုင်ဆဲပါ။

အာရှအားကစားပွဲတော်က မြန်မာအသင်းရဲ့ ခြေစွမ်းက ဆူဇူကီးအတွက် လုံလောက်ပြီလား? 

 

ဂတ်ဇီဆီဖရိုင်းဒရစ်ချ် (၂၀၁၃ - ၂၀၁၈)

ဂတ်ဇီဆီကတော့ ခေတ်သစ်မြန်မာ့ဘောလုံးသမိုင်းကို ရေးထိုးနိုင်ခဲ့တဲ့ ဂျာမနီနည်းပြပါ။ မြန်မာတွေကိုယ်တိုင် အိပ်မက်ထဲမှာရှိခဲ့ဖူးတဲ့ ကမ္ဘာ့ဖလားဆိုတဲ့ပြိုင်ပွဲကို မြန်မာယူ-၂၀အသင်းကို အရောက်ပို့ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပါ။ မြန်မာကို ကမ္ဘာက ပြန်သိစေခဲ့သူပေါ့။ မြန်မာနိုင်ငံကို ခပ်ကုပ်ကုပ်ရောက်လာပြီး ခေါင်းမော့ရင်ကော့ပြီး ပြန်ထွက်သွားနိုင်သူပါ။ ဂတ်ဇီဆီက မြန်မာယူ-၁၉အသင်းကို ကိုင်တွယ်ဖို့အတွက် မြန်မာနိုင်ငံကိုရောက်လာပါတယ်။ နယ်မြို့တွေ၊ အကယ်ဒမီတွေနဲ့ ဘောလုံးသင်တန်းကျောင်းတစ်ချို့က ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမရှိ၊ သောက်စရာရေဘူးမရှိ၊ စားစရာအဆင်မပြေ စတဲ့ ပြဿနာပေါင်းစုံကနေ ရုန်းထွက်ပြပြီး အပျံစားအသင်းဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

 

ပရော်ဖက်ရှင်နယ်ခေတ်ဦးမှာ ကလပ်အသင်းတောင်မရှိသေးတဲ့ လူငယ်အများစုကို ဂတ်ဇီဆီက ရွေးကောက်ပြီး လူငယ်ဘောလုံးသမား အယောက် ၅၀၊ ၆၀လောက်ထဲကက မြန်မာကိုကမ္ဘာကသိဖို့စွမ်းဆောင်နိုင်ခဲ့တဲ့ လက်ရွေးစင်အုပ်စုကိုမွေးထုတ်နိုင်ခဲ့ပါတယ်။ ဂတ်ဇီဆီဟာ မြန်မာယူ-၁၉အသင်းကို ကာလရှည်တည်ဆောက်ခဲ့ပြီး ပထမဆုံးရယူနိုင်ခဲ့တဲ့ အောင်မြင်မှုကတော့ ဘရူနိုင်းဘုရင့်ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာပါ။ ဘရူနိုင်းဘုရင့်ဖလားမှာ ဂတ်ဇီဆီရဲ့ယူ-၁၉လူငယ်တွေဟာ အာဆီယံထိပ်သီးအသင်းတွေဖြစ်တဲ့ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်လို့ အသင်းတွေခြေစွမ်းအတည်မပြုနိုင်ပေမယ့် ချန်ပီယံငတ်နေတဲ့ မြန်မာပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမြန်မာ့ဘောလုံးမျိုးဆက်မှာအကောင်းဆုံးကစားသမားတွေဖြစ်လာမယ့် အောင်သူ၊ သန်းပိုင်၊ ငြိမ်းချမ်းအောင်၊ ကျော်မင်းဦး၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ မောင်မောင်စိုး၊ ထိုက်ထိုက်အောင် စတဲ့ကစားသမားတွေကိုမွေးထုတ်နိုင်ခဲ့ပါတယ်။

 

မြန်မာယူ-၁၉အသင်းရဲ့နောက်ထပ် သမိုင်းဝင်အောင်မြင်မှုတစ်ခုကတော့ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၁၄ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ ယီမင်နဲ့ ဂိုးမရှိသရေ၊ အီရန်ကို ဝ-၂ဂိုးနဲ့ရှုံးခဲ့ပေမယ့် အာဆီယံပြိုင်ဖက်ထိုင်းကို သုံးဂိုးပြတ်အနိုင်ရပြီး အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ အရှေ့အလယ်ပိုင်းထိပ်သီး ယူအေအီးကို ၁-ဝဂိုးနဲ့နိုင်ပြီး ကမ္ဘာ့ဖလားချီတက်နိုင်ခဲ့ သလို ဆီမီးဖိုင်နယ်မှာလည်း ကာတာလိုအသင်းကို အကြိတ်အနယ်ကစားကာ ၃-၂ဂိုးနဲ့ကပ်ရှုံးခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ၂၀၁၅ယူ-၂၀ကမ္ဘာ့ဖလားမှာလည်း အမေရိကန်အသင်းကို ရှုံးခဲ့ပေမယ့် အဖွင့်ဂိုးသွင်းပြီးဦးဆောင်ကစားနိုင်ခဲ့သလို ယူကရိန်း၊ အိမ်ရှင် နယူးဇီလန်အသင်းတွေနဲ့လည်း ခြေရည်တူနီးပါးကြိုးစားကစားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားအောင်မြင်မှုတွေကြောင့် ဂတ်ဇီဆီလက်ရွေးစင်နည်းပြ ဖြစ်လာပြီး ၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် အာရှဖလားခြေစစ်ပွဲမအောင်လို့ အသင်းနဲ့လမ်းခွဲခဲ့ရပါတယ်။

 

အန်တိုနီဟေး (၂၀၁၈ - )

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂတ်ဇီဆီနဲ့လမ်းခွဲအပြီးမှာ နောက်ထပ် ဂျာမနီလူမျိုးနည်းပြတစ်ဦးဖြစ်တဲ့ အန်တိုနီဟေးကို ခန့်ခဲ့ပါတယ်။ အန်တိုနီဟေးကတော့ မြန်မာနည်းပြစဖြစ်ကတည်းက အခုအချိန်အထိ ခြေစမ်းပွဲတွေရော ပြိုင်ပွဲမှာပါ အာရှထိပ်သီးအသင်းတွေနဲ့ချည်းပဲ ရင်ဆိုင်နေရသူပါ။ မြန်မာနည်းပြဘဝ အဖွင့်ပွဲမှာ အာရှထိပ်သီး တရုတ်အသင်းကို ၁-ဝဂိုးနဲ့ကပ်ရှုံးခဲ့ပြီး ယူ-၂၃အသင်းရဲ့Alpine Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ တောင်ကိုရီးယားယူ-၁၉အသင်းကို ၄-၃ဂိုးနဲ့ရှုံး၊ ဘာရိန်းယူ-၂၃အသင်းနဲ့ တစ်ဂိုးစီသရေ၊ ထိုင်းယူ-၂၃အသင်းကို ၂-၁ဂိုးနဲ့နိုင်ပြီး ဒုတိယရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

 

အန်တိုနီဟေးရဲ့အခြေအနေကိုစောင့်ကြည့်နေတဲ့ မြန်မာပရိသတ်တွေကို ခြေစမ်းပွဲကာလတွေမှာကတည်းက ထောက်ခံမှုတွေရအောင်လုပ်နိုင်ခဲ့သလို အာရှအားကစားပြိုင်ပွဲမှာတော့ တစ်နိုင်ငံလုံးရဲ့စိတ်ကျေနပ်မှုကို ရအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲမှာ အန်တိုနီဟေးရဲ့ယူ-၂၃အသင်းက မြောက်ကိုရီးယား၊ အီရန်၊ ဆော်ဒီအာရေဗျအသင်းတွေနဲ့တစ်အုပ်စုတည်းကျရောက်နေလို့ ပွဲတိုင်းရှုံးပြီး အိမ်ပြန်လာရမယ်လို့ အားလုံးသုံးသပ်ထားကြပါတယ်။ သုံးသပ်ချက်တွေအတိုင်း မြန်မာယူ-၂၃အသင်းအိမ်ပြန်လာရပါတယ်။ ဒါပေမယ့် အရှုံးတွေပိုက်လာတာတော့မဟုတ်ပါဘူး။ အာရှအားကစားပွဲမှာ မြောက်ကိုရီးယားလိုအသင်းကို ဦးဆောင်ဂိုးသွင်းပြီးမှသရေကျခဲ့ရသလို၊ အီရန်လိုအသင်းကို ခြေစွမ်းအသာနဲ့တစ်ပွဲလုံးကစားပြီး နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဆော်ဒီကို သုံးဂိုးပြတ်ရှုံးခဲ့ရတယ်ဆိုပေမယ့် နှစ်ဂိုးက ပင်နယ်တီသွင်းဂိုးတွေပါ။ အီရန်ကိုအနိုင်ရတဲ့ပွဲက အာရှအားကစားပွဲ ၅၂နှစ်အကြာမှာ ပထမဆုံးပြန်ရခဲ့တဲ့ အနိုင်သုံးမှတ်လည်းဖြစ်ပါတယ်။

 

ပရိသတ်တွေထောက်ခံမှုရထားတဲ့ အန်တိုနီဟေးအတွက် အဓိကရင်ဆိုင်ရမယ့် စိန်ခေါ်မှုက အာဆီယံဆူဇူကီးဖလားပြိုင်ပွဲပါ။ အုပ်စုအနေအထားအရ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို အသင်းတွေနဲ့ကျရောက်နေပါတယ်။ ဒါကြောင့် အာဆီယံဆူဇူကီးချန်ပီယံရှစ်မှာ နည်းပြ အန်တိုနီဟေးတစ်ယောက် နောင်တော် ဂျာမနီနည်းပြကြီးတွေလို မှတ်တမ်းဝင်အောင်မြင်မှုတွေလုပ်ပြနိုင်ပြီး မြန်မာ့ဘောလုံးနဲ့ ဂျာမနီရေစက်ထပ်ဆုံအောင် စွမ်းဆောင်နိုင်မလားဆိုတာ……..။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က