ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ငွေလဲလုပ်ကိုင်နေသူတွေကို သေနတ်နဲ့ပစ်ပြီး ငွေလုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မူဆယ် ဒေသခံတွေဆီကသိရပါတယ်။
ဖြစ်စဉ်က မနေ့ကဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ မူဆယ်မြို့လယ်ဖြစ်တဲ့ နာရီစင်အနီးမှာ ငွေလဲလုပ်နေတဲ့သူတွေဆီက ငွေကိုလုယက်ခဲ့တာဖြစ်ပြီး၊ ငွေလုစဉ်သေနတ်နဲ့ပါပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
" ဒီမှာက ငွေလဲလုပ်တာ ဆိုင်နဲ့ကနားနဲ့က နည်းပါတယ်။ လမ်းမှာခုံလေးချပြီးလုပ်နေကြတာ။ မနေ့ကဖြစ်တာလည်း ငွေလဲအမျိုးသမီးဆီက လုတာလို့ကြားတယ်။ငွေတွေပါသွားတယ်၊သေနတ်လည်းပစ်တယ်" လို့ မူဆယ်အခြေစိုက်ပရဟိတအသင်းတစ်ခုက အဖွဲ့ဝင်ကပြောပါတယ်။

ဓာတ်ပုံ - CJ
အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးထားကြောင်းနဲ့ ဒဏ်ရာကတော့ စိုးရိမ်စရာ မရှိဘူးလို့်သိရပါတယ်။
" ငွေလုတာမှန်တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ မစိုးရိမ်ရဘူးကြားတယ်။ လာလုတဲသူတွေက ကားတွေနဲ့လာလုပြီး သေနတ်နဲ့ပါပစ်တာလို့တော့ ပြန်ကြားရတယ် " လို့ နောက်ထပ်မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ပြီးငွေလုယက်ခဲ့သူတွေကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီး ရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်တွေက မန္တလေးမှာလည်း ရွှေဆိုင်နဲ့ ကုမ္ပဏီ တစ်ခုတို့မှာ ဓားပြတိုက်ခံရပြီး ပစ္စည်းနဲ့ ငွေတွေ လုယက်ခံရတာရှိခဲ့ပါတယ်။