အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း ISRO ဟာ လာမယ့် ဆယ်စုနှစ်အတွင်း ကိုယ်ပိုင်အာကာသစခန်းတစ်ခု ဖွင့်လှစ်တည်ဆောက်သွားဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတကာ အာကာသစခန်း ISS နဲ့မသက်ဆိုင်တဲ့ ကိုယ်ပိုင် အာကာသာစခန်းတစ်ခု ဖြစ်မယ်လို့လည်း ISRO ရဲ့ Chairman ကေဆီဗင်က ထုတ်ပြန်ခဲ့ပါတယ်။ ISRO ရဲ့ ကိုယ်ပိုင် အာကာသယာဉ်စခန်းကို နောက် ၇ နှစ်အတွင်း တည်ဆောက်သွားမှာ ဖြစ်ပြီး ၂၀၃၀ မှာ ဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့The Next Web သတင်းမှာ ဖော်ပြထားပါတယ်။

မစ္စတာဆီဗင်ရဲ့ အဆိုအရ ဒီအာကာသစခန်းမှာ Microgravity သုတေသနစင်တာတစ်ခုလည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့ဆိုပါတယ်။ ဒီအာကာသစခန်းဟာ အလွန်ကြီးမားတဲ့ စခန်းတစ်ခုတော့ မဟုတ်ဘူးလို့လည်း မစ္စတာ ဆီဗင်က ပြောပါတယ်။
"ကျွန်တော်တို့အာကာသစခန်းက အရမ်းတော့ ကြီးမှာ မဟုတ်ပါဘူး။ တန်ချိန် ၁၅ တန် ကနေ တန် ၂၀ အထိ ပဲ ရှိမှာပါ။ Microgravity စမ်းသပ်မှု လုပ်ဖို့အတွက် သုံးတာပါ။ အဲဒီစခန်းမှာ အာကာသယာဉ်မှူးတွေ ၁၅ ရက် - ရက် ၂၀ နေထိုင်နိုင်မှာ ဖြစ်ပါတယ်" လို့သူက ဆိုပါတယ်။
အာကာသစခန်း တည်ဆောက်ဖို့အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် အိန္ဒိယရဲ့ ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးစဉ်ပြီးမှ သိရဖို့ရှိတယ်လို့ဆိုပါတယ်။ISRO ဟာ လာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာ လကမ္ဘာကို လူမဲ့ ဆင်းသက်ဖို့Gaganyaan ဆိုတဲ့ Mission တစ်ခု စီစဉ်နေပါတယ်။ ဒီ Mission အတွက် ဗဟိုအစိုးရဟာ ရူပီး ကုဋေ ၁၀၀၀၀ ( ဒေါ်လာ ၁.၄၃ ဘီလျံ) ထောက်ပံ့ပေးထားတယ်လို့ဆိုပါတယ်။
ISRO အကြီးအကဲ ကေဆီဗင် နှင့် လေတပ်ဒုဦးစီးချုပ် မစ္စတာ ကဗူး ( Photo: TNW)
အာကာသယာဉ်မှူးတွေကို အာကာသတွင်း ပိုမို စေလွှတ်နိုင်စေမယ့် ဒီပရောဂျက်ဟာ အိန္ဒိယရဲ့ ကိုယ်ပိုင် သီးသန့်ရပ်တည်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ဖို့ရှိပါတယ်။ တကယ်လို့အိန္ဒိယသာ ကိုယ်ပိုင် Space Station တစ်ခု ထောင်နိုင်မယ်ဆိုရင် ဒါဟာ ရုရှားပြီးရင် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာပါ။ တရုတ်နိုင်ငံဟာလည်း ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်ဖို့ပြင်နေပါတယ်။