မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ပထမဆုံး အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတစ်ခု တွေ့ရှိလာရကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၆ ရက်) ထုတ်ပြန်ပါတယ်။

(Photo: Reuters)
လွန်ခဲ့တဲ့တစ်ပတ်နီးပါးက စပိန်နိုင်ငံမှ ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ ခရီးသွားတစ်ဦးထံမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် အိုမီခရွန်ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
ထိုပုဂ္ဂိုလ်ကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ COVID-19 စစ်ဆေးခဲ့ပြီး နောက်တစ်နေ့မှာ ကူးစက်ခံထားရကြောင်း အဖြေထွက်ခဲ့ပြီး အိုမီခရွန်ဗိုင်းရပ်စ်သစ်ကြောင့် ကူးစက်မှုဖြစ်ကြောင်း လက္ခဏာတွေ့ခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနရဲ့ အထွေထွေညွှန်းကြားရေးမှူး Suphakit Sirilak က ပြောပါတယ်။
(Photo: Reuters)
ထို့နောက် ဒီဇင်ဘာ ၃ ရက်နေ့မှာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခဲ့ရာမှာလည်း အလားတူ ဓာတ်ခွဲခန်းအဖြေထွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လူနာဟာ အိုမီခရွန်ဗိုင်းရပ်စ် အမှန်တစ်ကယ် ကူးစက်ခံခဲ့ရတာ ၉၉ ရာခိုင်နှုန်း ဖြစ်နိုင်ခြေရှိတယ်လို့ Suphakit Sirilak က ဆိုပါတယ်။
အမည်မဖော်ပြထားတဲ့ လူနာဟာ အသက် ၃၅ နှစ်အရွယ် အမေရိကန်နိုင်ငံသား အမျိုးသားဖြစ်ပြီး စပိန်မှာနေထိုင်နေခဲ့တာ တစ်နှစ်ကြာပြီဖြစ်ကြောင်းနဲ့ ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ ရောဂါထိန်းချုပ်ရေးဌာနရဲ့ အထွေထွေညွှန်ကြားရေးမှူး Opas Karnkawinpong က ပြောပါတယ်။
ယခုအခါ ထိုအမျိုးသားကို ဆေးရုံမှာ ကုသမှုပေးနေကြောင်းနဲ့ ထိုင်းကိုလာရောက်တဲ့ ၎င်းရဲ့ခရီးစဥ်အတွင်း ကြိုတင်ကာကွယ်မှုကို အတိအကျ လိုက်နာခဲ့တာကြောင့် ကူးစက်ခံရမှုအန္တရာယ်မြင့်မားတဲ့ ထိတွေ့သူ မရှိဘူးလို့ Suphakit Sirilak က ပြောပါတယ်။
လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ပြည်တွင်းကူးစက်မှု မရှိသေးကြောင်းနဲ့ ယခုတွေ့ရှိရတဲ့ ကူးစက်ခံရသူ ခရီးသွားဟာ ပြည်ပမှာ ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း သတ်မှတ်ထားတယ်လို့လည်း Suphakit Sirilak က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ သီတင်းပတ်ကုန်ရက်များအတွင်းက တောင်အာဖရိက အမျိုးသမီးတစ်ဦးထံမှာ အိုမီခရွန်ကူးစက်မှုတွေ့ရကြောင်း သတင်းထွက်ပေါ်ခဲ့သေးပေမဲ့ သတင်းမှားဖြစ်ကြောင်း သိရပါတယ်။ ထိုအမျိုးသမီးဟာ ဒယ်လ်တာဗိုင်းရပ်စ် ကူးစက်ခံရတာဖြစ်တယ်လို့ Suphakit Sirilak က ပြောပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ပထမဆုံး တွေ့ရှိလာရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် (Omicron) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပါတယ်။ အိုမီခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း WHO က ပြောထားပါတယ်။
Ref: Khaosod English, Reuters