ထိုင်းနိုင်ငံက နိုင်ငံခြားသား ခရီးသွားတွေ မဖြစ်မနေ COVID-19 ကွာရန်တင်းဝင်ရမယ့် စည်းမျဥ်းကို ပြန်သတ်မှတ်သွားတော့မှာဖြစ်ပြီး ကွာရန်တင်းဖြေလျှော့ထားတဲ့ အစီအစဥ်ကို ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။
ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုကို စိုးရိမ်တာကြောင့် ထိုင်းအစိုးရက ယခုလို ပြန်လည်စီစဥ်လာခြင်း ဖြစ်ပါတယ်။ အစောပိုင်းမှာ ထိုင်းကိုဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ COVID-19 စစ်ဆေးပြီး မတွေ့ရှိရပါက လွတ်လပ်စွာ သွားလာနိုင်ပါတယ်။
ယခုအခါ ထိုအစီအစဥ်ကို ရုပ်သိမ်းလိုက်တာကြောင့် နောက်ပိုင်းမှာ ထိုင်းကိုဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ ဟိုတယ်ကွာရန်တင်း မဖြစ်မနေ ဝင်ရောက်ရမှာဖြစ်ပြီး ကွာရန်တင်းကာလဟာ ၇ ရက်မှ ၁၀ ရက်ကြား ဖြစ်မယ်လို့ ဆိုပါတယ်။

(Photo: Mladen Antonov / AFP)
ဒါ့အပြင် ယခင်က "sandbox" လို့ခေါ်တဲ့ အစီအစဥ်အရ ခရီးသွားတွေဟာ သီးခြားသတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ နေထိုင်ရမှာဖြစ်ပေမဲ့ ၎င်းတို့ရဲ့နေရာကနေ ပြင်ပကို လွတ်လပ်စွာ သွားလာခွင့်ပြုထားမှုကိုလည်း ဆိုင်းငံ့ထားမှာဖြစ်ပြီး ဖူးခက်အပန်းဖြေကျွန်းကိုသာ သွားရောက်နိုင်မယ်လို့ ဆိုပါတယ်။
"ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်းမှာ စစ်ဆေးပြီးသွားခွင့်ပြုတဲ့ 'Test and Go' အတွက် စာရင်းသွင်းလျှောက်ထားမှုအသစ်တွေကို လက်မခံတော့ပါဘူး၊ ကွာရန်တင်းအတွက် သို့မဟုတ် ဖူးခက်မှာ သွားလာဖို့အတွက်သာ လက်ခံဆောင်ရွက်ပေးမှာပါ" လို့ ထိုင်းအစိုးရရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Rachada Dhanadirek က ပြောကြားကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။
'Test and Go' အတွက် ယခင်ကတည်းက စာရင်းသွင်းလျှောက်ထားပြီးဖြစ်တဲ့ ခရီးသွား ၂၀၀,၀၀၀ ခန့်ကတော့ မူလအစီအစဥ်အတိုင်း အကျုံးဝင်ဆဲဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Thanakorn Wangboonkongchana က ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) က ပထမဆုံး အိုမီခရွန်ဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုတစ်ခု တွေ့ရှိခဲ့ရပြီးနောက် အစိုးရက COVID-19 စည်းမျဥ်းသတ်မှတ်ချက်တွေကို ပြောင်းလဲစီစဥ်လာခဲ့ ဖြစ်ပါတယ်။
(Photo: Narong Sangnak / EPA)
ထိုင်းမှာတွေ့ရတဲ့ ပထမဆုံး အိုမီခရွန် ပြည်တွင်းကူးစက်မှုဟာ ထိုင်းအမျိုးသမီးတစ်ဦးထံမှာဖြစ်ပြီး ၎င်းရဲ့ခင်ပွန်းဆီကနေ ကူးစက်ခဲ့တာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုလံဘီယာအမျိုးသားဟာ နိုဝင်ဘာလအတွင်းက နိုင်ဂျီးရီးယားနိုင်ငံကနေ ထိုင်းကိုပြန်ရောက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဇနီးမောင်နှံဟာ AstraZeneca ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေလည်း ဖြစ်ပါတယ်။
ထိုင်းအစိုးရက ကပ်ရောဂါကြောင့် နိုင်ငံအတွက် အရေးပါတဲ့ ခရီးသွားလုပ်ငန်းကို ၁၈ လကြာ ရပ်ထားခဲ့ရမှု အဆုံးသတ်ခဲ့ပြီး နိုဝင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသည်တွေ ပြန်ဝင်ခွင့်ပြုခဲ့ပါတယ်။ ထို့နောက် မကြာမီမှာပင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန် ခြိမ်းခြောက်မှုရှိလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ထားမှုအရ အိုမီခရွန်ကူးစက်မှုတွေ့ရတဲ့ နိုင်ငံ ၈၉ ခုရှိလာပြီလို့ သိရပါတယ်။
အိုမီခရွန်ဟာ ယခင်ရှိပြီးသား ဗီဇပြောင်းဗိုင်းရပ်စ် ဒယ်လ်တာထက် ကူးစက်မှုနှုန်းပိုမြန်ပြီး ကာကွယ်ဆေးထိုးထားသူတွေ သို့မဟုတ် COVID-19 ကနေ ပြန်လည်သက်သာလာသူတွေမှာလည်း ကူးစက်နိုင်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ယမန်နေ့မှာ သတိပေးခဲ့ပါတယ်။