မနေ့က ကစားခဲ့တဲ့ နိုင်ငံပွဲစဉ်တွေမှာ ယူနိုက်တက် ကစားသမားနှစ်ယောက်ဖြစ်တဲ့ အိုနာနာနဲ့ ရပ်ရှ်ဖို့ဒ်တို့နှစ်ယောက် ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ကစားပေးရင်း ဒဏ်ရာရရှိခဲ့ကြတာပါ။


ပြီးခဲ့တဲ့အပတ်ကလည်း ယူနိုက်တက်ရဲ့ ဒိန်းမတ်ကစားသမားတွေဖြစ်တဲ့ ဟို့ဂျ်လန်း၊ အဲရစ်ဆင်တို့ ဒဏ်ရာကိုယ်စီရရှိခဲ့ကြပြီး ဒီတစ်ပတ်မှာ ကစားနေတဲ့ နိုင်ငံပွဲစဉ်တွေအတွက် ဒိန်းမတ်လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ယူနိုက်တက်ဟာ ရာသီအဖွင့်ကတည်းက အဓိက,ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။
အခု အိုနာနာရဲ့ဒဏ်ရာပြဿနာက အဲဗာတန်နဲ့ပွဲမတိုင်ခင် အချိန်မီ မသက်သာလာဘူးဆိုရင်တော့ ဖီနာဘာချီကနေ ခေါ်ယူထားတဲ့ ဘာယင်ဒါကို ပွဲထုတ်အသုံးပြုရဖွယ်ရှိပါတယ်။ ရပ်ရှ်ဖို့ဒ်ကတော့ ဒီရာသီမှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။