ရေနံသူဌေးနှစ်ယောက်ရဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကွင်းပြင်ပ အခြေအနေဆိုးတွေကြားထဲ ရုန်းကန်နေရတဲ့ ချဲလ်ဆီးက ဒီပွဲမှာ နောက်တန်းလေးယောက်ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ချာလိုဘာ့ဂ်၊ ခရစ္စတန်ဆန်၊ ရူဒီဂါနဲ့ မီလန်ဆားတို့ ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ မေဆင်မောင့်၊ တိုက်စစ်မှာ ဗာနာ၊ ဇီယက်ချ်၊ ဟာဗက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။

ပုံစံကောင်းတွေ ဆက်တိုက်ပြနေတဲ့ နယူးကာဆယ်ကလည်း ဒူဘရာကာ၊ တာဂတ်၊ လက်ဆဲလက်စ်၊ ဂွီမာရေးစ်၊ အယ်လ်မီရွန်၊ ခရစ္စဝုဒ်တို့နဲ့အတူ နောက်တန်းငါးယောက် အထိုင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ကစားပုံ ပိုကောင်းခဲ့တယ်ဆိုပေမယ့် နယူးကာဆယ်က အခွင့်အရေးတွေ ဂိုးဘေးကပ်ထွက်ခဲ့တာ၊ အယ်လ်မီရွန်ရဲ့ အမှတ်မထင်ကန်ချက်ကို မန်ဒီ ကာကွယ်နိုင်ခဲ့တာတွေကြောင့် ကံကောင်းခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ ဂိုးမရှိ သရေပဲကျခဲ့ပြီး ဒုတိယပိုင်းမှာ ချဲလ်ဆီးက မေဆင်မောင့်၊ ဗာနာတို့နေရာမှာ ကိုဗာဆစ်၊ လူကာကူတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ အနိုင်ဂိုးရဖို့ ဖိဖိစီးစီး ကြိုးစားလာခဲ့ပေမယ့် နယူးကာဆယ်ကလည်း ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ တည်ဆောက်ခဲ့ပါတယ်။
နယူးကာဆယ်ကလည်း ချဲလ်ဆီးကို တန်ပြန်ဖိအားပေးနိုင်ဖို့ အယ်လ်မီရွန်နေရာမှာ မက်ဆီမင် ဝင်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ဟာဗက်ဇ်က ဂျော်ဂျင်ဟိုရဲ့ဖန်တီးပေးမှုကတဆင့် ပွဲကစားချိန် (၈၆) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
တချိန်တည်းကစားခဲ့တဲ့ ပွဲစဥ်တွေမှာတော့ တန်းဆင်းဇုန်ဖိအားရှိနေတဲ့ အဲဗာတန်တို့ ဝုလ်ဗ်ကိုအိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အခြေအနေပိုဆိုးလာခဲ့ပါတယ်။ လိဒ်စ်က နော့ဝစ်ချ်ကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး ဝက်ဖို့ဒ်က အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၁-၂ ဂိုး၊ ဝက်စ်ဟမ်းက အက်စတွန်ဗီလာကို ၂-၁ ဂိုးတို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။