အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ ချဲလ်ဆီးရဲ့အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ဟာ လာမယ့်နှစ်ပေါင်း (၃၀) အတွင်း ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရနိုင်ကြောင်း သတိပေးခံခဲ့ရပါတယ်။ စကိုင်းစပေါ့က ထုတ်လွှင့်တင်ဆက်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ အစီအစဥ်တခုမှာ ဒီအကြောင်းကို ထည့်သွင်းဖော်ပြထားခဲ့ပြီး လှပတဲ့ဘောလုံးပွဲတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အကြီးအကျယ်ခံစားရနိုင်တယ်လို့ဆိုပါတယ်။

ဒီလိုမျိုး သတိပေးခံခဲ့ရတဲ့ ကွင်းက ချဲလ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းတကွင်းတည်းမဟုတ်ပါဘူး။ လန်ဒန်အခြေစိုက် အခြားသောပရီးမီးယားလိဂ်နှစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ရဲ့ အိမ်ကွင်းတွေကလည်း လာမယ့်နှစ်အနည်းငယ်အတွင်း မိုးရေချိန်မြင့်မားလာမှုဒဏ်ကို တောင့်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါအစီအစဥ်ထဲမှာ ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း “ရာသီဥတုပြောင်းလဲမှုက ကျနော်တို့ခေတ်အတွက် ဖိအားအများဆုံး ပြဿနာတွေထဲက တခုပါ။ လက်ရှိနှုန်းအတိုင်းဆိုရင် ရာသီဥတုပြောင်းလဲမှုက ကျနော်တို့အားလုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်လာပါလိမ့်မယ်။ ဘောလုံးလောကမှာဆိုရင်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပွဲတွေအပေါ် အကျိုးသက်ရောက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်”
“အထူးသဖြင့် အောက်ခြေအဖွဲ့အစည်းတွေက ပွဲစဥ်တွေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရှင် ဒေးဗစ်ဂိုးလ်ဘလတ်ကလည်း “လာမယ့် (၂၈) နှစ်အတွင်းမှာ ဆိုးရွားတဲ့ရာသီဥတုက ဆိုးရွားတဲ့ ရေကြီးရေလျှံမှုကို ဖြစ်စေမှာပါ။ ဒါက ရာသီဥတုကပ်ဘေးဖြစ်ပါတယ်။ ကွင်းထဲမှာ ရေတင်ရုံတင် ကျနော်တို့ ပြောတာ မဟုတ်ပါဘူး။ ရေက (၁.၅) မီတာလောက်အထိ တက်လာမှာပါ။ ဒါဆို ဘောလုံးပွဲတွေမရှိတော့ပါဘူး”
“အင်္ဂလန်မှာ ဒီပြဿနာက အရေးကြီးပါတယ်။ ကျနော့်ရဲ့တွက်ချက်မှုအရ ထိပ်တန်းလိဂ် (၄) ခုမှာရှိတဲ့ ဘောလုံးကွင်းတွေရဲ့ လေးပုံတပုံက နှစ်စဥ်နှစ်တိုင်း ရေကြီးရေလျှံမှု ပြဿနာနဲ့ ရင်ဆိုင်ရမှာမျိုး ဒါမှမဟုတ် (၂၀၅၀) မှာ ရေအောက်ရောက်သွားတာမျိုးကို ဖြစ်စေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်ပြဿနာက တကမ္ဘာလုံးမှာရှိတဲ့လူတိုင်းကို ရိုက်ခတ်နိုင်မှာဖြစ်ပြီး နာမည်ကြီးအသင်းတွေလည်း ဒီရိုက်ခတ်မှုတွေကနေ လွတ်မြောက်နိုင်မှာမဟုတ်ကြောင်း ဂိုးလ်ဘလတ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။