ယူနိုက်တက်တို့ နောက်ဆုံးမိနစ်မှ တလုံးတည်းသောအနိုင်ဂိုးကိုရရှိခဲ့တာပါ။

ယူနိုက်တက်က ဒီပွဲမှာ မက်ဂွိုင်းရား ပြန်လည်ပါဝင်လာခဲ့ပြီး ဒဏ်ရာပြဿနာရှိနေတယ်ဆိုတဲ့ ရော်နယ်ဒိုလည်းပွဲထွက်ခဲ့ပါတယ်။ မိသားစုပြဿနာကြောင့် လင်ဒီလော့ဖ်မပါခဲ့တာကလွဲရင် ယူနိုက်တက်အတွက် ကြီးကြီးမားမား ပြောင်းလဲတာမရှိပါဘူး။



ဝက်စ်ဟမ်းကလည်း ဇူးမားပြန်လည်ပါဝင်လာခဲ့ပြီး ဂိုးသမား အာရီယိုလာ၊ ဘိုဝင်၊ အန်တိုနီယို၊ ဒကလန်ရိုက်စ်၊ ခရက်စ်ဝဲလ်တို့ အုပ်စုနဲ့ပဲ အဓိက အမာခံထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးက တသင်းနဲ့ တသင်း သိသိသာသာ အသာစီးရခဲ့တာမျိုးမရှိဘဲ အပိုင်အခွင့်အရေးတွေကိုလည်း မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။

ယူနိုက်တက်တိုက်စစ်မှာ ဂရင်းဝုဒ်နဲ့ရော်နယ်ဒို နှစ်ယောက်အတူတူ ပါလာပြီဆိုရင်တော့ ပျက်ပြီလို့ မှတ်ရအောင်ပါပဲ။ ဂရင်းဝုဒ်အနေနဲ့ အခုထက် ပိုပြီး တိုးတက်ချင်တယ်ဆိုရင် ရော်နယ်ဒိုမှမဟုတ်ဘူး၊ အသင်းဖော်တွေနဲ့ သဟဇာတဖြစ်ဖြစ် တွဲဖက် ကစားနိုင်ဖို့ လိုအပ်ပါတယ်။

ပထမပိုင်းမှာရတဲ့ အခွင့်အရေးမှာလည်း ရော်နယ်ဒိုကို မပေးနိုင်တောင် ကျပ်နေတဲ့ အနေအထားမှာ အနည်းဆုံးတော့ ဘရူနိုဖာနန်ဒက်စ်ဆီရအောင် ခင်းပေးသင့်ပါတယ်။ ဒါပေမယ့် တကိုယ်ကောင်းဆန်ဆန်နဲ့ပဲ ကန်သွင်းဖို့ ကြိုးစားခဲ့ပြီး ထိရောက်မှုမရှိခဲ့ပါဘူး။ ဝက်စ်ဟမ်းကလည်း မလိုအပ်ဘဲ အရဲစွန့်တာမျိုးတွေ မလုပ်ချင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ ပွဲကတော်တော်လေး ပျင်းဖို့ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်း ယူနိုက်တက်တို့ ဆက်တိုက်ဖိလိုက်သေးပြီး ဖရက်ဒ်ရဲ့ အပိုင်ကန်ချက်ကို ဝက်စ်ဟမ်းဂိုးသမား အာရီယိုလာ ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းကထက်တော့ ဒုတိယပိုင်းက ပိုမြိုင်လာတယ်လို့ ပြောနိုင်ပေမယ့် နှစ်သင်းလုံးက ထိရောက်တဲ့ပုံစံမျိုးကိုတော့ ပြသနိုင်ခြင်းမရှိပါဘူး။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက်တွေကတော့ တော်တော်လေးကို ဆိုးရွားတယ်ပြောရမှာဖြစ်ပြီး မိုးပေါ်တွေချည်းပဲ ထောင်တက်သွားခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်ဘက်က ရပ်ရှ်ဖို့ဒ်၊ ကာဗာနီ၊ မာစီရယ်လ်တို့ ဝင်ကစားခဲ့ပြီး ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ကာဗာနီရဲ့ ဖန်တီးပေးမှုကတဆင့် ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရရှိသွားတဲ့ဂိုးမှာ မာစီရယ်လ် ကာဗာနီဆီ မချပေးခင် ကာဗာနီ လူကျွံအနေအထားမှာရှိနေခဲ့ပြီး ဒီဂိုးကို VAR ပြန်မကြည့်ဘဲ ခွင့်ပြုပေးလိုက်တာက တော်တော်လေး ပြောစရာဖြစ်ဖို့ရှိနေသေးတဲ့ပုံစံပါပဲ။ တချိန်တည်း ကစားနေတဲ့ပွဲမှာတော့ နယူးကာဆယ်က အဝေးကွင်းမှာ လိဒ်စ်ကို ရှဲလ်ဗေးရဲ့ တလုံးတည်းသောဂိုးနဲ့ပဲ အနိုင်ရရှိခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ ဝုလ်ဗ်ပွဲကတော့ ကြားထဲမှာ ပွဲရပ်နားထားရတာကြောင့် လက်ရှိအချိန်ထိ ယှဥ်ပြိုင်ကစားဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က