အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်း ထိုးသတ်နေတာကြောင့် လိုက်ဟဲဗီးဝိတ်တန်းမီဖို့ ဝိတ်တင်ဖို့ လုပ်ဆောင်မှုတွေကိုတော့ လက်ရှိမှာ လုပ်ဆောင်နေရာမှာ ၃လအတွင်း ပြည့်မီခဲ့ပြီလို့သိရပါတယ်။

MMA လိုက်ဟဲဗီးဝိတ် ခါးပတ်ကို ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန် ဗီရာရဲ့ စိန်ခေါ်မှု ခံထားရတဲ့အောင်လအန်ဆန် အနေနဲ့ လာမယ့် အောက်တိုဘာလမှာ ထိုးသတ်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။
မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် ခါးပတ် နှစ်ခု ချန်ပီယံ အောင်လအန်ဆန်အနေနဲ့ မစ်ဒယ်ဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းထိုးသတ်နိုင်ဖို့ ဝိတ်ပြန်တင်ခြင်းတွေကို လုပ်ဆောင်နေရပါတယ်။

ယခုအခါမှာတော့ မူလ ဝိတ် ၂၀၅ ပေါင်ကနေ လိုက်ဟဲဗီးဝိတ်တန်း ဖြစ်တဲ့ ၂၂၅ ပေါင်တန်းကို ၃ လအတွင်းမှာပဲ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်တယ်လို့ အောင်လအန်ဆန်က သူ့ရဲ့လူမှု စာမျက်နှာထက်မှာ ရေးသားဖော်ပြလာပါတယ်။
“ Brandaon Vera ကျွန်တော့ကို စိန်ခေါ်တာ ခုဆိုရင် သုံးလတိတိပြည့်ပါပြီ။ အဲဒီစိန်ခေါ်တဲ့ ညက ကျွန်တော်ဟာ ၂၀၅ ပေါင် ရှိရာက စိန်ခေါ်ချိန်နောက်ပိုင်းကတည်းက ဂျပန်မှာ ရှိမယ့်ပွဲအတွက် တစ်ဖြည်းဖြည်း ဝိတ်တက်အောင်လေ့ကျင့်နေခဲ့ပါတယ်။ ဒီနေ့ည ညစာစားအပြီးမှာတော့ ကျွန်တော်ဟာ ၂၂၅ပေါင်နဲ့ Light Heavyweight ပွဲအတွက် လိုအပ်တဲ့ အလေးချိန် အတိအကျဖြစ်နေပါပြီ။” လို့ အောင်လအန်ဆန်က ရေးသား ဖော်ပြလာတာပါ။
ဒါပေမယ့်လည်း လက်ရှိ အချိန်မှာတော့ ဘရန်ဒန်ဗီရာနဲ့ ထိုးသတ်ဖို့ အဆင်သင့်မဖြစ်သေးပဲ အဆင်သင့်ဖြစ်မယ့် အချိန်တစ်ခုထိရောက်အောင် ကြိုးစားနေတယ်လို့လည်း အောင်လအန်ဆန်က ပြောထားပါ သေးတယ်။
“ထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားတော့ မဟုတ်သေးပေမဲ့ အောက်တိုဘာလမှာတော့ မြန်မာ့စပါးအုံးရဲ့ အကောင်းဆုံး အနေအထားဖြစ်နေဖို့ ကြိုးစားလေ့ကျင့်နေကြပါ တယ်။
အမြဲချစ်ခင်အားပေးပြီး သတိရဆုတောင်းပေးကြတဲ့ ချစ်ပရိသတ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ချစ်သောပရိသတ်များရဲ့ ချစ်ခြင်းတွေနဲ့အတူ ဒီခရီးကို ဖြတ်သန်းခွင့်ရတဲ့ ကျွန်တော်ဟာ အမြဲကျေးဇူးတင်လျက် ဆက်ကြိုးစားနေပါမယ်လို့ ကတိပေးပါတယ်။” လို့ ဆက်လက်ရေးသား ဖော်ပြထားတာပါ။
အောင်လအန်ဆန်ကတော့ နောက်ဆုံးပွဲအဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ဖိုက်တာ ကမ်ဟာဆီဂါဝါနဲ့ မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်ပွဲထိုးသတ်ခဲ့ပြီး ကာကွယ်ထားနိုင်ခဲ့လို့ လက်ရှိအချိန်မှာမစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ခါးပတ်နှစ်ခု ချန်ပီယံအဖြစ်ရှိနေပါတယ်။