• ငါ့ဂိုးသာခွင့်ပြုခဲ့ရင် မင်းတို့ပျော်နိုင်မှာမဟုတ်ဘူးလို့ ဆာဘီးယားကစားသမားတွေကို ရော်နယ်ဒိုကြိမ်းမောင်းခဲ့

ရော်နယ်ဒိုကတော့ ပထမအကျော့ကဂိုး ခွင့်ပြုမခံရတာကို ပြန်ပြောင်းတုံ့ပြန်သွားခဲ့တာပါ။

ပေါ်တူဂီနဲ့ဆာဘီးယားတို့ ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှာ ဧည့်သည်ဆာဘီးယားက ပေါ်တူဂီကို ၁-၂ နဲ့ အနိုင်ယူကာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်သွားရောက်ခွင့်ရရှိခဲ့ပါပြီ။ ဒီရှုံးပွဲကြောင့် ပေါ်တူဂီကတော့ Play-off ကစားရတော့မှာဖြစ်ပြီး ကမ္ဘာ့ဖလားဝင်ရောက်ခွင့်အတွက် အမှားခံလို့မရတော့ပါဘူး။

image

ပွဲအပြီးမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး မြက်ခင်းပြင်ပေါ် ထိုင်နေခဲ့သလို လာရောက်နှစ်သိမ့်တဲ့ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကိုလည်း မာမာထန်ထန် တုံ့ပြန်ခဲ့တာပါ။ ပေါ်တူဂီနည်းပြကတော့ ဒီပွဲအပြီးမှာ ရော်နယ်ဒိုတစ်ယောက် ဆာဘီးယား ကစားသမားတွေကို ဘာပြောခဲ့သလဲဆိုတာနဲ့ပတ်သက်လို့ အခုလိုပဲ ပြောပြခဲ့ပါတယ်။

image

ဖာနန်ဒိုဆန်းတို့စ်က “တကယ်ကို အဓိပ္ပာယ်မရှိတဲ့ကိစ္စပါပဲ။ ပွဲပြီးသွားတဲ့အချိန်မှာ စိတ်ပျက်စရာတွေက တကယ်ကို ရက်စက်လွန်းပါတယ်။ ပေါ်တူဂီသားတွေနေရာက စိတ်ကူးယဥ်ကြည့်လိုက်ပါ။ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေအတွက်ရောပေါ့။ ကစားသမားတွေက မြက်ခင်းပေါ် ထိုင်နေကြပါပြီ”

“ကျနော် ကွင်းထဲဝင်ပြီး ကစားသမားတွေကို နှစ်သိမ့်ပေးဖို့ သွားတော့ ရော်နယ်ဒိုက ဆာဘီးယား ကစားသမား တစ်ယောက်ကို ပြောနေပါတယ်။ ‘ငါ မင်းတို့ကွင်းမှာ သွင်းခဲ့တဲ့ဂိုးသာ ပယ်ဖျက်မခံရရင် မင်းတို့ အခုလိုရယ်နိုင်မှာမဟုတ်ဘူး’ လို့ ပေါ့။ ကျနော်ကတော့ ရော်နယ်ဒိုကို စိတ်လျှော့ဖို့ ဖျောင်းဖျခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပထမအကျော့ ဆာဘီးယားကွင်းမှာ ရင်ဆိုင်ခဲ့တုန်းက ရော်နယ်ဒိုရဲ့ သွင်းဂိုး ဂိုးစည်းကျော်သွားခဲ့ပေမယ့် ခွင့်ပြုမခံခဲ့ရဘဲ ရော်နယ်ဒိုကတော့ ဒီအပေါ်မှာ အကြီးအကျယ်ပေါက်ကွဲကာ သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကိုပါ လွှင့်ပစ်ခဲ့တဲ့အထိဖြစ်ခဲ့တာပါ။

ပရိသတ်တွေကလည်း အဲ့ဒီပွဲက ရော်နယ်ဒိုရဲ့ဂိုးသာ ခွင့်ပြုခံခဲ့ရရင် ပေါ်တူဂီတို့ အုပ်စုနောက်ဆုံးပွဲမတိုင်ခင်တည်းက ကမ္ဘာ့ဖလားကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိပြီလို့ဆိုနေကြတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က