လီဗာပူးတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဒီယေဂိုဂျိုတာက သူ့ရဲ့အသင်းဖော် မိုဟာမက်ဆာလာဟာ ရော်နယ်ဒိုလိုအဆင့်မျိုးကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၄) ပွဲကစား၊ (၁၅) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ်ပြုလုပ်ထားပြီး ရော်နယ်ဒို ပါဝင်တဲ့ ယူနိုက်တက်ကိုလည်း ဟက်ထရစ်သွင်းယူထားနိုင်ခဲ့သေးတာပါ။

လက်ရှိအချိန်မှာ လီဗာပူးက ဆာလာရဲ့ခြေစွမ်းပြမှုနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နေသလို ချန်ပီယံလိဂ်မှာလည်း အုပ်စု (၄) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
Sky Sports ရုပ်သံနဲ့တွေ့ဆုံခန်းမှာ ဒီရာသီမှာ ဆာလာရဲ့ လီဗာပူးအတွက် အကျိုးသက်ရောက်မှုအပေါ် ဂျိုတာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂျိုတာက “ဆာလာက ထိပ်တန်းကစားသမား၊ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့နည်းစနစ်ပိုင်းကြွယ်ဝမှုကို ဒီရာသီမှာ တစ်ကမ္ဘာလုံး မြင်တွေ့နေရပါတယ်။ သူက ဂိုးတွေသွင်းရတာပျော်နေတယ်၊ ထိပ်တန်းဂိုးတွေ၊ တစ်ကိုယ်တော်အရည်အချင်းနဲ့ဂိုးတွေ သွင်းပြနေပါတယ်”
“ဒါက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အတွက် ကွင်းထဲမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားလို့လေ။ ပြိုင်ဘက်တွေအနေနဲ့ ကြည့်ရင် ဆာလာနဲ့ပတ်သက်လို့ သူတို့အများကြီး ဂရုစိုက်ပြီး စိုးရိမ်နေရတာပေါ့”
“ကျွန်တော် ဆာလာနဲ့ တွဲကစားရတော့ လက်ရွေးစင်အသင်းမှာ ရော်နယ်ဒိုနဲ့အတူ ပထမဆုံးတွဲကစားတုန်းက ရတဲ့ ခံစားချက်မျိုးပြန်ရပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဆာလာက ရော်နယ်ဒိုနဲ့ အဆင့်အတန်းတူတဲ့ ကစားသမားမျိုးဖြစ်နေပါပြီ”
“ရော်နယ်ဒိုကတော့ ဒါမျိုးကို အချိန်အကြာကြီး လုပ်ပြထားခဲ့တာပေါ့။ ကွင်းထဲမှာဆိုရင် သူတို့နှစ်ယောက်လုံးက အရမ်းအန္တရာယ်ပေးနိုင်ပြီး ဘယ်အချိန်မဆို ဂိုးသွင်းနိုင်ကြတဲ့သူတွေပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။