ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်နောက်ခံလူကြီး မာဆယ်လိုဟာ ဒီကနေ့မှာ အသင်းကထွက်ခွာပြီဖြစ်တဲ့အကြောင်း တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒါဟာ မာဆယ်လိုအတွက် ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ နောက်ဆုံးသော သတင်းစာရှင်းလင်းပွဲလည်းဖြစ်ခဲ့ပါတယ်။

မာဆယ်လိုရဲ့ ဒီနှုတ်ဆက်ပွဲကို အသင်းခေါင်းဆောင်ဟောင်း ရာအူးလ်လည်း တက်ရောက်လာခဲ့ပြီး ဒီပွဲမှာ မာဆယ်လိုက ရာအူးလ်ကို အထူးတလည်ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ဒါဟာ ပရိသတ်တွေအတွက်ရော၊ ရာအူးလ်အတွက်ပါ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။

မာဆယ်လိုက “ရာအူးလ်ရေ၊ ငါ့ကပ္ပတိန်ကြီး၊ ကျနော် ဒီကိုရောက်တဲ့အချိန်မှာ ခင်ဗျားက ကျနော့်ကို အသေးစိတ်ကျကျကို ပံ့ပိုးပေးခဲ့တာပဲ။ ကျနော့်သား အန်ဇိုကိုမွေးတဲ့အချိန်မှာ ခင်ဗျားက ကျနော့်ကို ခေါင်းဆောင်တယောက်အနေနဲ့ အများကြီးကို သင်ပေးခဲ့တာ။ နောက်ပြီး သူ့ကိုမွေးတဲ့အချိန်မှာပဲ ခင်ဗျားတို့မိသားစုက ခြင်းထဲကို ပစ္စည်းတွေ အများကြီးထည့်ပြီး ကျနော်တို့ကို ပေးခဲ့တာ”
“ဒါကို ကျနော် ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး။ (ရယ်လျက်) ခင်ဗျားကို အသင်းခေါင်းဆောင်တယောက်၊ စံပြပုဂ္ဂိုလ်တယောက်အဖြစ် မြင်လိုက်ချိန်မှာ ကျနော် ခင်ဗျားခြေရာကိုနင်းချင်ခဲ့ပါတယ်။ ကျနော့်ဆီမှာ အရမ်းကို ခိုင်မာတောင့်တင်းတဲ့ဥပမာကောင်းတခုရှိပါတယ်။ အဲ့ဒါကတော့ ခင်ဗျားပါပဲ” လို့ ရာအူးလ်ကို ရည်ရွယ်ပြောကြားခဲ့ပါတယ်။
မာဆယ်လိုရဲ့ အခုပြောစကားတွေကို နားထောင်ရင်း စစချင်းမှာတော့ ရာအူးလ်တယောက် မငိုကြွေးမိအောင် ကြိုးစားထိန်းချုပ်ခဲ့ပါသေးတယ်။ မာဆယ်လိုကလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ သူကိုယ်တိုင် ငိုကြွေးနေခဲ့ပေမယ့် ဒါဟာ ဝမ်းသာမျက်ရည်ဖြစ်ကြောင်း၊ အသင်းကို လူငယ်တယောက်အနေနဲ့ ရောက်လာပြီး လူကြီးတယောက်အနေနဲ့ ခေါင်းမော့ရင်ကော့ပြီး ထွက်သွားနိုင်ခဲ့ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။