• Featured

    ရန်ကုန်တိုင်းမှ ပြည်တော်ပြန်ကျွမ်းကျင်လုပ်သား တစ်သောင်းကျော်ကို အလုပ်အကိုင်ဖန်တီးပေးမည်

ပြည်ပပြန်လုပ်သားစာရင်းတွေအရ အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန်လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုရှိတာကို အများဆုံးတွေ့ရပါတယ်။

ကိုဗစ်ကာလအတွင်း ပြည်ပနိုင်ငံတွေက ပြန်ရောက်လာကြသူတွေကို ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်တွေ ချိတ်ဆက်ပေးဖို့ လုပ်ငန်းကျွမ်းကျင်မှုစာရင်းကောက်ခံနေရာ ရန်ကုန်တိုင်းအတွင်း ကျွမ်းကျင်လုပ်သားဦးရေ ၁ သောင်းကျော်ရရှိထားတယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရပါတယ်။

အခုလို စာရင်းကောက်ယူရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်နိုင်ဖို့ ၊ အလုပ်သမားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေ ချိတ်ဆက်အဆင်ပြေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်ပက ဘယ်စက်ရုံ၊ ဘာလုပ်ငန်း လုပ်ခဲ့သလဲ COVID ပြီးရင်ရော ပြည်ပကို ပြန်သွားပြီး လုပ်ကိုင်မှာလား စသဖြင့်ပေါ့ ဒါကို ဌာနက ဘာကူညီပေးရမလဲ။ သူတို့ ပြည်တွင်းမှာပဲလုပ်မယ်ဆိုရင် ဘယ်လို လုပ်ငန်းမျိုး ကို ချိတ်ဆက်ပေးရမလဲ စသဖြင့်ပေါ့နော်။ ဒါတွေကို သိနိုင်ဖို့အတွက် စစ်တမ်းကောက်တာပါ။ ” လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းမှူး ဦးခင်မောင်သွင်က ပြောပါတယ်။

လက်ရှိ ကောက်ခံရရှိပြီးတဲ့ ပြည်ပပြန်လုပ်သား စာရင်းတွေအရ အထည်ချုပ်၊ ဆောက်လုပ်ရေးနှင့် စားသောက်ကုန် လုပ်ငန်းတွေမှာ ကျွမ်းကျင်မှုရှိတာကို အများဆုံး တွေ့ရတယ်လို့သိရပါတယ်။

" ကိုဗစ်မို့ ဟိုမှာနေမရတော့လို့သာပြန်လာရတာပါ။ တစ်ခေါက် ပြန်တက်ဖို့ဆိုတာ မလွယ်ဘူး ။ ပိုက်ဆံမရှိဘဲ ပြန်တက်မရဘူး။နောက်အလုပ်က ချိတ်ဆက်ရအုံးမှာ။ မြန်မာပြည် ကျတော့လည်း ဘွဲ့မရတဲ့လူအတွက် အလုပ်က ရှားတယ်။ရန်ကုန်သွားလုပ်တော့လည်း စားစရိတ်နေစရိတ်နဲ့ ဘာမှအဖတ်မတင်ဘူး။ ခုစာရင်းကောက်တယ်ဆိုတာလည်း ကျနော်တို့ဆီတော့မရောက်သေးဘူး။ "လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့သူကို အောင်မင်းကပြောပါတယ်။

လက်ရှိမှာတော့ ပြည်ပနိုင်ငံ အသီးသီးက ပြန်လည်ဝင်ရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေကို လေကြောင်းလိုင်းနဲ့ ပြန်လည်ခေါ်နေသလို မြဝတီ၊ ကော့သောင်း၊ တာချီလိတ်၊ မူဆယ် စတဲ့ နယ်စပ် ဂိတ်တွေကနေ လက်ခံပေးနေပြီး ပြန်ဝင်လာသူဦးရေ တစ်သိန်း ကျော်ရှိနေတယ်လို့လည်းသိရပါတယ်။

ကိုဗစ်ကာလအတွင်းမှာ ပြည်တွင်း၊ပြည်ပ မြန်မာလုပ်သားဦးရေ၂ သိန်းခွဲခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်ကဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္တတစ်နှစ်တာကာလအတွင်းဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က