ပြည်သူ့အချစ်တော် မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ပိုက်ဆံရှိရင် သူမ ပထမဆုံးရည်ရွယ်ထားတဲ့ အရာလေးက မိဘနှစ်ပါးနေထိုင်တဲ့ အိမ်လေးကို ပြန်ပြင်ပေးချင်တယ်လို့ ဆိုပါတယ်။

Photo: Aye Thaung
သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အရမ်းကို ခြွေတာတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်အကျယ် (၁၀)ပေ ကျော်ကျော်သာ ရှိတဲ့ မိဘနှစ်ပါးရဲ့ အိမ်အဟောင်းလေးကို သူမရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ပြန်ဆောက်ပေးချင်တယ်လို့ သူက ဆိုပါတယ်။
“ ကျွန်မဘဝမှာအိတ်အကောင်းစားတစ်လုံးဝယ်ဖို့တောင် အမြဲလက်တွန့်သူမှာ။ ၃ နှစ်လောက်စဉ်းစားတတ်တာ ကိုယ့်ရှာတဲ့ပိုက်ဆံ တစ်ကျပ်ကအစပင်ပင်ပန်းပန်းရှာထားရလို့ ကိုယ်သုံးတဲ့အရာက အပိုမဖြစ်ချင်လို့ပါ။ သူများပိုက်ဆံဆိုပိုဆိုးပါတယ်။ အမေကငယ်ငယ်ကတည်း “ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ကိုင်တွယ်မကြည့်ရ”တဲ့။ အဲဒီလို ဆုံးမခဲ့တော့ သူများပစ္စည်းဆို မဆိုင်ရင်မျက်စိနဲ့တောင်မကြည့်ရဘူးဆိုပြီးဆုံးမခဲ့တာပါ။ ကိုယ့်လက်ထဲမှာရှိမှသာကိုယ့်ပိုက်ဆံပါ။ ချစ်သူတို့၊ ယောက်ျားတို့ဆိုတာတွေက သူစိမ်းပါနော်။ သူတို့ပိုင်ဆိုင်တာ ကိုယ်ပိုင်ဆိုင်တာလည်းမဟုတ်ပါဘူးရှင့်။ ကျွန်မပိုက်ဆံရှိရင်လေ ပထမဆုံးလုပ်မှာက ကျွန်မ မိဘအတွက်အိမ်ဟောင်းလေးကိုပြင်ဆောက်ပေးချင်တာပါ။ အမေတို့အသက်ကြီးပြီ အခုထိ ၁၀ပေ ၁၂ ပေအခန်းကျဉ်းလေးထဲမှာ နေနေရတုန်းပါပဲ။ အဲဒါကျွန်မရဲ့ ပထမဆုံးပိုက်ဆံသုံးမည့်နေရာပါပဲ။ အားလုံးကိုမေတ္တာအမြဲပို့ပါတယ် ကျန်းမာချမ်းသာကြပါစေရှင်” လို့ သူကဆိုပါတယ်။
Photo: Aye Thaung
အေးဝတ်ရည်သောင်းဟာ ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ အလှူအတန်းတွေကို လူသိအောင် သိပ်ပြောပြလေ့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့ (အောက်တိုဘာလ ၂၉ ရက်) နေ့ နေ့လယ် (၁) နာရီကျော်က တင်ခဲ့တဲ့ စာထဲမှာတော့ ပရိသတ် မသိသေးတဲ့ သူမရဲ့ ကုသိုလ်အလှူလေးတွေကိုလည်း အခုလို ရေးသားထားပါသေးတယ်။
“ ကျွန်မ ဘဝမှာအပိုသုံးဖို့ တစ်ခါမှမစဉ်းစားခဲ့ပါဘူး။ အလှူလုပ်တိုင်း Facebook ပေါ်အမြဲမတင်ဖြစ်ခဲ့ပါဘူး။ ကိုယ်ကျောင်းထားပေးတဲ့ ကလေး ၆၃ ယောက်ရှိတယ်။ နာဂစ်ဖြစ်တုန်းကကျန်ခဲ့တဲ့ကလေးတွေပေါ့။ တချို့တွေ ၁၀ တန်းတောင်အောင်ကြပြီ။ တစ်ယောက်ကတော့ပိုးထိပြီးဆုံးသွားပြီ။ သူတို့တွေ အောင်မြင်ရင်ကိုယ်ပီတိဖြစ်ရတာကို ကျွန်မကကြိုက်တာ။ ဥယျာဉ်မှူးတစ်ယောက်က ပန်းလေး တွေကြည့်နေရသလိုပဲပေါ့။ ကျွန်မမိဘတွေ ကျန်းမာရေး ဆွေမျိုးသူငယ်ချင်း အသိုင်းအဝိုင်းသာရေး နာရေးတွေ ကျွန်မတာဝန်ယူထားသူပါ။ Facebook ပေါ်ပုံတင်ဖို့အတွက် တခြားတစ်ယောက်ကဓာတ်ပုံရိုက်ပေးရ ကိုယ်ပေးတာကို ခဏကိုင်ထားပြီး စောင့်ခိုင်းရမှာတွေကိုအားနာလို့မလုပ်ဖြစ်တာများပါတယ်။ ဒါပေမဲ့ မွေးနေ့အလှူ စတုဒီသာအလှူ သူငယ်ချင်းတွေနဲ့ပေါင်းပြီးလှူတဲ့အလှူတွေတော့ တင်ဖြစ်တာပေါ့လေ။ ကိုယ်လှူတဲ့နေရာလေးလူသိတော့ အလှူပိုရအောင်ပေါ့” လို့ ဆိုခဲ့တာပါ။
Photo: Aye Thaung
ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်ကာလတစ်ခုအနေနဲ့ ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကိုလည်း အရင်ကထက်တောင် ပိုင်ဆိုင်ထားတာပါ။ အခုချိန်မှာ သူမက ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။