ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၈၇)ရပ်ကွက် ၊ ကျန်စစ်သားလမ်းပေါ်က လိုတရ-စံရွှေလှ ပေါက်စီနဲ့ကိတ်မုန့်လုပ်ငန်းက အိမ်ရှင်အပါအဝင် အလုပ်သမားကလေးငယ်တွေနဲ့ ရဲဝန်ထမ်းတစ်ဦး စုစုပေါင်း (၁၃)ဦးမှာ ကိုဗစ်-၁၉ တွေ့ရှိထားတယ်လို့ သိရပါတယ်။
ကလေးအလုပ်သမားတွေကို ဖမ်းဆီးနှိပ်စက်တယ်ဆိုတဲ့ သတင်းကြောင့် နိုဝင်ဘာလ ၂၀ရက်မှာ လူစုလူဝေးနဲ့ ဆူပူမှုဖြစ်ပွားတဲ့အတွက် ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်နေရာမှာ လုံခြုံရေးဆောင်ရွက်ခဲ့တဲ့ ရဲအရာရှိတစ်ဦးမှာပါ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။

ဓာတ်ပုံ-ကျော်ဇင်မန်း ( အခင်းဖြစ်ပွားတဲ့လုပ်ငန်းတည်ရှိရာနေရာမှာ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ်)
" ကလေးတွေထဲက စစ်တာ ၁၀ဦးတွေ့တယ် ။ အိမ်ရှင်နဲ့ သူ့အစ်မရယ် positive ဖြစ်တယ် ။ အဲဒီအတွက် သူတို့နဲ့ ထိတွေ့တဲ့ ကျွန်တော်တို့ စခန်းက ကိုးဦး စစ်ဆေးရပါတယ် ။ အဲဒီမှာ ဒုရဲမှူးတစ်ဦးမှာ ကိုဗစ်-၁၉ တွေ့ပါတယ်။ကျန်တဲ့ရှစ်ယောက်ကလည်း ကွာရန်တင်းဝင်နေရတယ်။ ကျွန်တော်တို့ရှစ်ယောက်ကို နောက်တစ်ကြိမ်စစ်ဦးမယ်လို့ သိရပါတယ်။ positive ဖြစ်တဲ့ ရဲအရာရှိရဲ့ ညီရယ် ၊ သူနဲ့ တွေ့တဲ့ အခြားရဲအရာရှိ နှစ်ဦးရယ်ပါ ထပ်စစ်ရတယ်။ရဲအရာရှိနှစ်ဦးကတော့ ပိုးမတွေ့ရှိလို့ ကျွန်တော်တို့နဲ့အတူ ကွာရန်တင်းဝင်နေပါတယ် " လို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာက Duwun ကို ပြောပါတယ် ။
လက်ရှိမှာတော့ ဒီဆူပူမှုဖြစ်စဉ်မှာ ပါဝင်ခဲ့ပြီး ဖျက်စီးမှုတွေပြုလုပ်သူ (၁၇)ဦးကို အခင်းဖြစ်ပွားချိန် သက်သေတွေအရ ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၄၄၀၊ ၄၂၇၊ ၃၃၃၊ ၃၃၂၊ ၃၃၈ ၊ ၁၅၂ ၊ ၁၁၄ တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း ၊ ကလေးလုပ်သမားတွေကို မတရားခိုင်းစေခြင်းတို့ကြောင့် လိုတရ-စံရွှေလှ ပေါက်စီနဲ့ကိတ်မုန့်လုပ်ငန်းပိုင်ရှင်ကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက အမှုဖွင့် တရားစွဲဆိုထားပါတယ်။