ပုဂံဘုရားတွေကို ဒီဇင်ဘာ (၅) ရက်ကစပြီး ပြန်လည်ဖွင့်လှစ်ကာ လည်ပတ်ခွင့်ပေးမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ လက်ရှိအချိန်ထိလည်း ဖွင့်မယ့်ရက်အတိအကျကို ညွှန်ကြားထားခြင်းမရှိသေးကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ကပြောလိုက်ပါတယ်။
လက်ရှိဘုရားတွေကို ပြင်ဆင်ထားမှုက ဖူးမျှော်ခွင့် ပြန်လည်ခွင့်ပြုချိန်မှာ အဆင့်သင့်ဖြစ်စေဖို့ လိုအပ်ချက်တွေကို ပြင်ဆင်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
"အတိအကျညွှန်ကြားချက်တော့မရှိသေးပါဘူး။ အကယ်၍ ဖွင့်ခွင့်ရမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် အောက်ခြေမှာ လိုအပ်ချက်လေး ပြင်ဆင်ထားတုန်းပဲရှိပါသေးတယ်။ ဘယ်နေ့ဖွင့်ပါဆိုပြီးအကြောင်းကြားတာမရှိသေးပါဘူးခင်ဗျ။တရားဝင်ဖွင့်ဖို့ ညွှန်ကြားချက်မရှိသေးပါဘူးခင်ဗျ” လို့ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြောပါတယ်။
" ညွှန်ကြားချက်ကမလာသေးဘူး။ထင်ရာတွေကိုလျှောက်ပြောနေကြတာပါ။ ဒိဇင်ဘာ ၅ ရက်ဆိုတာမဖြစ်နိုင်ဘူး၊နိုင်ငံတော်ကတောင် ခုအမိန့်တွေကို ၁၅ ရက်ထပ်တိုးထားတာပဲ၊ ဖွင့်တာကတော့ဖွင့်မှာ မှန်ပေမယ့် ဒီဇင်ဘာ ၅ ရက်ကတော့ မဖြစ်နိုင်ဘူး" ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းက ဆိုပါတယ်။
ဖွင့်လှစ်တဲ့အခါ ကိုဗစ်စည်းကမ်းနဲ့ အညီဖူးမျှော်နိုင်ဖို့ အပိုင်းသုံးပိုင်းပြင်ဆင်ထားပြီး တန်ခိုးကြီးဘုရားဂေါပကရှိတဲ့ ဘုရားအဆူ (၂၀) ၊ ရှေးဟောင်းနံရံပန်းချီရှိတဲ့ အထင်ကရဘုရားကြီးတွေနဲ့ ကျန်စေတီတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ဖူးမျှော်လို့ရအောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
နံရံပန်းချီ အထင်ကရရှိတဲ့ ဘုရားကြီးတွေကိုတော့ အွန်လိုင်းကနေကြိုတင်လျှောက်ထားပြီးမှသာခွင့်ပြုပေးမှာဖြစ်ပြီး မြေပြင်အခြေအနေကျယ်ဝန်းတဲ့ စေတီတော်အပေါ်မူတည်ကာ ဘုရားဖူးအရေအတွက်ကို တစ်ကြိမ်လျှင် လူဦးရေအကန့်အသတ်နဲ့ဝင်ရောက်ဖူးမျှော်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
နောက်ပြီး ပုဂံဘုရားတွေထဲမှာ တစ်ကြိမ်ကို လူနှစ်ဦးထက် ပိုပြီးဝင်လို့မရတဲ့ ဘုရားတွေရှိတာကြောင့် ဒီအချက်ကိုလည်း သိရှိအောင် အသိပေးဆိုင်းဘုတ်ကပ်ထားကာ၊ တစ်ဦးထွက်လာမှ တစ်ဦးဝင်စနစ်ဖြင့် ဖူးမျှော်ခွင့်ပြုဖို့လည်း စီစဉ်ထားပါတယ်။ ဘုရားတွေကို ဖူးမျှော်ခွင့်ပြုတဲ့အချိန်မှာ ခရိုင်ကိုဗစ်ကော်မတီနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ကြီးကြပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘုရားစေတီပေါင်း ၃,၀၀၀ ကျော်ရှိပြီး လက်ရှိမှာ ကိုဗစ်ကူးစက်မှုအခြေအနေတွေကြောင့် ဖူးမျှော်ခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။