COVID-19 က သူတို့ရဲ့ ဓနဥစ္စာကို ပိုကြီးအောင် တည်ဆောက်ပေးခဲ့ပါတယ်

COVID-19 ကပ်ရောဂါအရိပ်ဆိုးကြီး လွှမ်းမိုးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတော့ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကပ်ဘေးကြောင့် အတော်များများ အခက်တွေ့ခဲ့ပေမယ့် ကပ်ကြားမှာ အမြတ်များခဲ့တဲ့သူတွေလည်း နည်းပညာနယ်ပယ်မှာ မြင်တွေ့ခဲ့ရပါတယ်။


(၁) COVID-19 ကြောင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်လာသူ

Photo: celebritynetworth




ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေကို အိမ်ထဲသွင်းလိုက်ပြီး ၊ ကျောင်း/ရုပ်ရှင်ရုံ/အားကစားကွင်း/စားသောက်ဆိုင်နဲ့ ဘုရားကျောင်းတံခါးတွေ ပိတ်ခဲ့ပါတယ်။ သန်းပေါင်းများစွာသော လူတွေဟာ တစ်ယောက်ကို တစ်ယောက် ဆက်သွယ်ဖို့ Video Conferencing ပလက်ဖောင်းတွေ သုံးလာခဲ့ပါတယ်။ ဒီထဲမှာ လူသုံးအများဆုံးတစ်ခုက Zoom ဖြစ်ပါတယ်။

ကိုဗစ်မဖြစ်ခင်က Zoom ဆိုတာ ဘာလဲတောင် မသိတဲ့သူတွေက ဒုနဲ့ဒေး။ နောက်ပြီး သူ့နောက်မှာ Cisco လည်း မရှိ ၊ Facebook ၊ Google ၊ Microsoft လည်း မရှိ။ ဒါပေမယ့် တစ်နှစ်အတွင်းမှာ Zoom သုံးလပတ်ဝင်ငွေတွေဟာ အရင်ကထက် ၄ ဆတိုးတာ နှစ်ကြိမ်ဆက်တိုက် ရှိခဲ့ပါတယ်။ စတုတ္ထသုံးလပတ်မှာလည်း နှစ်အလိုက်ဝင်ငွေ ၄ ဆတက်လာဖို့လည်း ရှိပါတယ်။

Zoom ကို တည်ထောင်ခဲ့တဲ့ အဲရစ်ယွမ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ဘီလျံနာ ဖြစ်ခဲ့တာ ဆိုပေမယ့် ၂၀၂၀ မှာ သူ့ချမ်းသာမှုဟာ အရင် ဒေါ်လာ ၃ ဘီလျံခန့်ကနေ ဒေါ်လာ ဘီလျံ ၂၀ နီးပါးအထိ ထိုးတက်လာတာပါ။ အခုဆို သူဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ၁၀၀ စာရင်းမှာ ပါလာပြီ ဖြစ်ပါတယ်။


(၂) တစ်နှစ်အတွင်း ဒေါ်လာဘီလျံ ၁၂၀ ပိုင်ခဲ့သူ

Photo: Tech Crunch


ပြီးခဲ့တဲ့ သုံးနှစ်က သူ့ပိုင်ကားထုတ်လုပ်ရေးလုပ်ငန်းကို ဝယ်ယူဖို့ ကုမ္ပဏီကြီးတစ်ခုကို ကမ်းလှမ်းခဲ့သူတစ်ဦး ရှိပါတယ်။ ကားကုမ္ပဏီကို ဝယ်ဖို့ မဆိုထားနဲ့။ သူ့ကို လက်ခံတွေ့ဆုံဖို့တောင် ငြင်းဆိုတာ ခံခဲ့ရဖူးတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ ၃ နှစ်ကြာချိန်မှာ ကားလုပ်ငန်းရောင်းဖို့ စကားသွားပြောခဲ့သူ အသက် ၄၉ နှစ်အရွယ် အဲ့ဒီအမျိုးသားဟာ ဒေါ်လာ ၁၄၈ ဘီလျံအထိ ချမ်းသာသွားခဲ့ပါတယ်။

အဲ့ဒီလူက Tesla ကားကုမ္ပဏီရဲ့ CEO အီလွန်မတ်စ်ဖြစ်ပါတယ်။ သူ့ကုမ္ပဏီကို ဝယ်ဖို့ ငြင်းခဲ့သူက Apple CEO တင်မ်ကွတ်ခ် ဖြစ်ပါတယ်။ မတ်စ်ဟာ ဇန်နဝါရီလဆန်းပိုင်းမှာ ဒေါ်လာ ၂၈ ဘီလျံချမ်းသာခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာအရောက် သူ့ချမ်းသာမှုမှာ ဒေါ်လာ ၁၂၀ ဘီလျံ ထပ်တိုးလာပါတယ်။ လက်ရှိအခြေအနေရဆိုရင် အီလွန်မတ်စ်ဟာ ဘီလ်ဂိတ်စ်ထက်တောင် ချမ်းသာပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပါတယ်။

Bloomberg ကတော့ မတ်စ်ရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ အမေရိကန်ရဲ့ အလယ်အလတ်ဝင်ငွေရှိသူ အိမ်ထောင်တစ်ခုရဲ့ အဆပေါင်း ၂ သန်းကျော်ရှိတယ်လို့ မှတ်ချက်ချထားပါတယ်။ Tesla Inc ရှယ်ယာဈေး ၃ ဆကျော် ထိုးတက်လာခြင်း ၊ ၂၀၂၀ နှစ်ဝက်အတွင်း Tesla ကားအစင်းရေ ၁၇၉၀၀၀ ကျော် ရောင်းချနိုင်ခဲ့ခြင်းတွေအပြင် အရေးပါတဲ့ အာကာသကန်ထရိုက်တွေလည်း သူ့ပိုင် SpaceX အာကာသယာဉ်ကုမ္ပဏီက ရထားပါတယ်။


(၃) ယူကရိန်းနိုင်ငံ GDP ထက် ပိုချမ်းသာနေတဲ့သူ


Photo: CNBC


ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ စီးပွားရေးထိခိုက်သွားသူတွေထဲ Amazon သူဌေးမပါခဲ့။ COVID-19 ဖြစ်ပြီး ပထမ ၄ လအတွင်းမှာ ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုထဲ ဒေါ်လာ ၂၄ ဘီလျံ ထပ်တိုးလာခဲ့ပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဝင်အထွက် ပိတ်ဆို့မှုများ ရှိလာပြီး လူများ အိမ်တွင်းအောင်းလာချိန်မှာ အွန်လိုင်းကနေ Amazon ဝန်ဆောင်မှု မှာယူမှုမြင့်တက်လာခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှုကြောင့် ကမ္ဘာအနှံ့မှာ စီးပွားရေးနဲ့ လက်လီလုပ်ငန်းအများစု ရပ်ဆိုင်းခြင်း ၊ ဝန်ထမ်းအင်အား လျှော့ချခြင်းများ လုပ်ဆောင်နေချိန်မှာ အိမ်အရောက်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးဖို့နဲ့ Warehouse ပိုင်းအတွက် မတ်လထဲမှာ Amazon ဟာ ဝန်ထမ်းသစ်တွေ ၁ သိန်းခန့် ထပ်ခန့်ခဲ့သလို ဧပြီလလယ်ကလည်း နောက်ထပ် ဝန်ထမ်း ၇၅၀၀၀ အထိ ခန့်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

အခုချိန်မှာ Amazon CEO ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၈၃ ဘီလျံ ရှိထားပါတယ်။ ၂၀၂၀ တစ်နှစ်လုံးမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၆၇.၉ ဘီလျံ ထပ်တိုးလာတာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က