ရန်ကုန်တိုင်းဟာလျှပ်စစ်ဓာတ်အား (၁၀၀) ရာခိုင်နှုန်းအပြည့်အဝပေးနိုင်တဲ့တိုင်းဒေသကြီးဖြစ်လာ

ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်ကို (၂၄) နာရီအပြည့် လျှပ်စစ်ဓာတ်အားပေးနိုင်တော့မှာဖြစ်ပြီး ရန်ကုန်တိုင်းဟာ မြို့ပြနဲ့ ကျေးလက်နေ မီးသုံးသူအားလုံးကို လျှပ်စစ်ဓာတ်အား (၁၀၀) ရာခိုင်နှုန်း အပြည့်အဝပေးနိုင်တဲ့ ပထမဆုံးတိုင်းဒေသကြီးတစ်ခု ဖြစ်လာတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒီကနေ့ ဇန်နဝါရီလ (၄) ရက်နေ့ကစပြီး ကိုကိုကျွန်းမြို့နယ်မှာ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသစ်ကြီးနဲ့ (၂၄) နာရီ လျှပ်စစ်မီးလင်းမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။



အရင်က ကိုကိုးကျွန်းမြို့နယ်မှာ ဒီဇယ်အင်ဂျင်မီးစက်တွေနဲ့ နေ့စဉ် ည (၆) နာရီကနေ ည (၁၂) နာရီအထိ တစ်နေ့ကို (၆) နာရီခန့်သာ အချိန်အကန့်အသတ်နဲ့ မီးသုံးစွဲခဲ့ရတာကြောင့် ပညာရေး၊ကျန်းမာရေး၊ဆက်သွယ်ရေး၊စီးပွားရေးစသည့် ဒေသဖွံ့ဖြိုးရေးတို့မှာ နောက်ကျနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုကိုးကျွန်းမြို့နယ်နေ ပြည်သူတွေ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာရန်ပုံငွေနဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (ဝ.၅)မဂ္ဂဝပ်ကို (၂၀၂၀)ပြည့်နှစ် ဩဂုတ်လမှာ တည်ထောင်ခဲ့ပြီး (၂၀၂၁) ခုနှစ် ဇန်နဝါရီလမှာ ကျွန်းတစ်ခုလုံးကို ဓာတ်အားစမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့သိရပါတယ်။

အခုတည်ဆောက်ထားတဲ့ ကိုကိုးကျွန်းနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက (Solar+Battery+Diesel Generator) Hybrid System အမျိူးအစားဖြစ်ပြီး၊ ဂျပန်နိုင်ငံက ခေတ်မီနည်းပညာများ အသုံးပြုထားတဲ့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စက်ရုံဟာ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားတာကြောင့် လျှပ်စစ်ဓာတ်အားကို နေ့အချိန်တွေမှာ နေရောင်ခြည်စွမ်းအင်နဲ့ တိုက်ရိုက်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေအနေကြောင့် နေရောင်ခြည်ရရှိမှုနည်းပါးတဲ့အချိန်တွေမှာလည်း ဒီဇယ်အင်ဂျင်ကနေ အားဖြည့်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က