အွန်လိုင်းလက်လီအရောင်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Amazon ဟာ Prime Air ဝန်ဆောင်မှုအတွက် ကုန်တင်လေယာဉ် ၁၁ စီး ထပ်ဝယ်လိုက်တယ်လို့ ဆိုပါတယ်။
Amazon ဟာ ကနေဒါနိုင်ငံ WestJet ကုမ္ပဏီဆီကနေ Boeing 767-300 လေယာဉ် ၄ စီးနဲ့ Delta လေကြောင်းလိုင်းမှ လေယာဉ် ၇ စီးဝယ်ခဲ့တာ ဖြစ်ပါတယ်။ Boeing လေယာဉ် ၄ စီးကို ဒီနှစ်ထဲမှာ စတင်ပြေးဆွဲအသုံးပြုသွားမှာ ဖြစ်ပြီး Delta မှ လေယာဉ်တွေကို လာမယ့် ၂၀၂၂ မှာ Prime Airအတွက် သုံးသွားမယ်လို့ CNET သတင်းက ဆိုပါတယ်။

Photo: CNET
အခုလို ကိုယ်ပိုင်လေယာဉ်တွေ ဝယ်ယူလိုက်ခြင်းအားဖြင့် Amazon ဟာ အမေရိကန်တလွှားမှ ဖောက်သည်တွေကို ၎င်းတို့ မျှော်လင့်ထားတဲ့အတိုင်း ကုန်ပစ္စည်းများ ဆက်လက်ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ Amazon Global Air ဒုဥက္ကဌ ဆာရာရို့ဒ်စ်က ဆိုပါတယ်။ အငှားနဲ့ ကိုယ်ပိုင်လေယာဉ် နှစ်မျိုးစလုံး သုံးခြင်းအားဖြင့် လုပ်ငန်းလည်ပတ်မှုကို ပိုပြီး ကောင်းအောင် စီမံနိုင်မယ်လို့လည်း သူမက ဆိုပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်းမှာ Amazon အနေနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို လေယာဉ် ၈၅ စင်းကျော်နဲ့ ကုန်ပစ္စည်းပို့ဆောင်မှု လုပ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ရှိပြီးသား လေယာဉ်တွေလိုပဲ အသစ်ဝယ်လိုက်တဲ့ လေယာဉ်တွေကိုလည်း ကန်ထရိုက်တာတွေနဲ့ လုပ်ငန်းလည်ပတ်စေမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
လာမယ့်နှစ်အနည်းငယ်အတွင်း Amazon ရဲ့ လေကြောင်းပို့ဆောင်ရေးမှာ လေယာဉ်ပေါင်း ၂၀၀ ကျော်အထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း လူအများ အွန်လိုင်းကနေ ပစ္စည်းမှာယူမှု ပိုမိုအားကိုးလာတာကြောင့်လည်း အခုလို လေယာဉ်သစ်တွေ ဝယ်ဖြစ်စေခဲ့တာလု့ ကုမ္ပဏီက ပြောပါတယ်.