လွှတ်တော်အဆောက်အဦအထဲထိ ပြည်သူများ ဝင်ရောက်ဆူပူသောင်းကြမ်းမှုအပေါ် သမ္မတဒေါ်နယ်ထရမ့်မှ ထောက်ခံကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက် Twitter နဲ့ Facebook တို့ဟာ သူ့ရဲ့ အကောင့်နဲ့ Page တို့ကို ယာယီပိတ်ချထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
လူမှုကွန်ရက်စံချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သမ္မတရဲ့ Facebook Page မှာ ပို့စ်တင်မှု ၂၄ နာရီ ပိတ်မှာ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။

Photo: Tech Crunch
"သမ္မတဒေါ်နယ်ထရမ့်ရဲ့ Page မှာ လူမှုကွန်ရက်မူဝါဒချိုးဖောက်မှုနှစ်ခု စီစစ်တွေ့ရှိထားတာကြေင့် ၂၄ နာရီ Block မှာပါ။ ၂၄ နာရီအတွင်း သူ့အနေနဲ့ ကျွန်တော်တို့ ပလက်ဖောင်းမှာ ပို့စ်တင်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။" လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Instagram ရဲ့ ထိပ်တန်းအမှုဆောင်တစ်ဦးကလည်း ထရမ့်ရဲ့ Instagram အကောင့်ကို ၂၄ နာရီ ပိတ်ထားမယ်လို့ အတည်ပြုကြောင်း Engadget သတင်းက ဆိုပါတယ်။
သမ္မတထရမ့်နဲ့ မကြာခဏဆိုသလို ပြဿနာတက်ခဲ့တဲ့ Twitter က အခုလို ယာယီပိတ်ချမှုကို အရင်ဆုံး လုပ်ခဲ့တာပါ။ လွှတ်တော်အဆောက်အဦအစည်းအဝေးလုပ်ရာ Capitol Building မှာ နိုဝင်ဘာရွေးကောက်ပွဲရလဒ်အကြောင်း အတည်ပြုနေစဉ် ထရမ့်ထောက်ခံသူများ လွှတ်တော်အဆောက်အဦထဲ အကြမ်းဖက်ဝင်ရောက်မှုကို ထရမ့်မှ ထောက်ခံကြောင်း Tweet တင်ခဲ့ပြီးနောက် Twitter က ထရမ့်ရဲ့ အကောင့်ကို ယာယီပိတ်ချလိုက်တာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ထရမ့်ရဲ့ အကောင့်ကို ၁၂ နာရီကြာအောင် ပိတ်ချသွားမယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်ကြောင်း သတိပေးခံထားရတဲ့ ထရမ့် Tweets သုံးခုကိုပါ ဖယ်ရှားသွားမှာပါ။ထရမ့်အနေနဲ့ လူမှုကွန်ရက်မူဝါဒတွေ ဆက်ပြီး ချိုးဖောက်မယ်ဆိုရင် Twitter လူမှုကွန်ရက်ပလက်ဖောင်းကနေ ထာဝရ ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီက သတိပေးခြိမ်းခြောက်ထားပါတယ်။
Photo: Sky News
ဇန်နဝါရီ ၆ ရက်နေ့က Capitol Building မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတည်ပြုဖို့ လွှတ်တော်အမတ်များ ဆွေးနွေးနေချိန် ထရမ့်ထောက်ခံသူများက လက်နက်ကိုင်ပြီး ဆူပူအကြမ်းဖက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆူပူမှုအတွင်းမှာ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အစောပိုင်းမှာ ထရမ့်ဟာ ကွန်ဂရက်လွှတ်တော်ဆီ ချီတက်ကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
Facebook ဟာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ပို့စ်တွေအောက်မှာ ပြည်နယ် ၅၀ အားလုံးရဲ့ အတည်ပြုထောက်ခံချက်ရလဒ်တွေအရ ဂျိုးဘိုင်ဒင် သမ္မတအဖြစ် အရွေးခံရပြီး ဖြစ်ကြောင်း label အညွှန်းနဲ့ အသိပေးထားပါတယ်။