• ၂၀၁၅ရွေးကောက်ပွဲမဲလက်မှတ်တွေ ဖျက်ဆီးနေတဲ့အပေါ်သံသယရှိဟု ပြည်ခိုင်ဖြိုးဒု-ဥက္ကဌဆို

ဥပဒေအရဖြစ်ပေမယ့် မဲရလဒ်အငြင်းပွားနေချိန်ဖြစ်တာကြောင့် သံသယရှိတယ်လို့ USDPဒု-ဥက္ကဌဦးခင်ရီက ပြောကြားလိုက်တာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားမှုနဲ့ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အသီးသီးက ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲက မဲလက်မှတ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေ ပါတယ်။

ဒီလိုလုပ်ဆောင်နေတာက ဥပဒေမှာပါဝင်ပေမယ့်လည်း လက်ရှိက မဲရလဒ်အငြင်းပွားနေချိန်ဖြစ်တာကြောင့် ၂၀၁၅က မဲလက်မှတ်တွေ ဟုတ်မဟုတ် သံသယရှိတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဒု-ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

" ဥပဒေအရ ငါးနှစ်ပြည့်ရင် ဒီလိုလုပ်နိုင်တယ်ဆိုသော်လည်းပဲ တကယ့်လက်တွေ့ဖြစ်စဉ်မှာ ဘယ်အဖွဲ့တွေနဲ့ လုပ်နေလဲ ၊ ဘယ်သူတွေပါတာလဲ ၊ အဲဒီမီးရှို့တာတွေက ၂၀၁၅တို့ ၁၇တို့ ၁၈တို့က မဲဆန္ဒလက်မှတ်တွေ ပါလို့ ဟုတ်လား မဟုတ်လား ဘယ်သူသိလဲ ၊ ဘယ်သူအသိအမှတ်ပြုလဲ ။ မဲနဲ့ပတ်သက်လို့ အငြင်းပွားနေတဲ့ ကာလမှာ ဒါလုပ်တာ ဝေဖန်စရာဖြစ်တာပေါ့။ ဒါကဘယ်လောက်ထိ ကောလာဟလသတင်းမှားတွေ ဖြစ်သွားနိုင်လဲဆိုတာ စဉ်းစားစရာလိုတယ်။ဒါမသမာမှုဖြစ်တယ်ဆို ဥပဒေရှိတယ်။ကျွန်တော်တို့လည်း လူမှုကွန်ရက်မှာပဲ တွေ့ရတယ် ၊ လှမ်းမေးတာပဲ သိရတယ်။ ဘယ်အဖွဲ့နဲ့ ဘယ်လိုသက်သေခံပစ္စည်းတွေကို မှန်သလား မမှန်သလား ဘယ်လိုအထောက်အထားနဲ့ ရှို့ကြလဲ မသိဘူး။ကျွန်တော်တို့မှာလည်း သံသယရှိတယ် " လို့ ဦးခင်ရီက ဇန်နဝါရီ ၅ရက်ကပြုလုပ်တဲ့ ပါတီရဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီလိုဆန္ဒမဲလက်မှတ်ဟောင်းတွေ မီးရှို့ဖျက်ဆီးတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားမှုဖြစ်ပြီး မီးရှို့ဖျက်ဆီးရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်း မျက်မြင်သက်သေ တွေရှေ့မှာ ဆောင်ရွက်တာဖြစ်တယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

"သက်ဆိုင်ရာမီဒီယာအဖွဲ့တွေလည်း ခေါ်ပြပြီးပြီ။နိုင်ငံရေးပါတီက လာချင်လာ မလာချင်နေ။ ကျွန်တော်တို့ လုပ်ရမယ့်အလုပ် ကျွန်တော်တို့လုပ်တာပဲ။UECကလည်း ကျွန်တော်တို့ကို တာဝန်ပေးထားပြီးပြီ။မယုံလို့ လာချင်လည်းလာ ကျွန်တော်တို့ကတော့ မဖိတ်ထားပါဘူး။ကျွန်တော်တို့နဲ့ နိုင်ငံရေးပါတီ တိုက်ရိုက်လုပ်တာ မရှိဘူး။UECနဲ့ နိုင်ငံရေးပါတီက တိုက်ရိုက် လုပ်ရမှာ။ ကျွန်တော်တို့က UECရဲ့ ညွှန်ကြားချက်အရ ဒီဟာကို မီးရှို့ပါ ဘယ်နေ့တွေ မီးရှို့ပြီး မှတ်တမ်းနဲ့ အဖွဲ့တွေ ဘုတ်အဖွဲ့ဝင်တွေ လက်မှတ်ထိုးထားတဲ့ဟာ အဲဒါတွေ တင်ပေးလိုက် ရင်ရပြီ။ ရှမ်းပြည်နယ်ဆိုလည်း ပြည်နယ်ရုံးထဲမှာပဲ လုပ်တယ်။အပြင်ထုတ်ရင် အဲဒီလို ပြဿနာတွေတက်မှာစိုးလို့။ အဖွဲ့ဝင်တွေရော အကုန်ပါတယ်။မြို့နယ်ကလုပ်ရင် ခရိုင်က စစ်ခိုင်းထား တယ်။ ပြည်နယ်အဖွဲ့ဥက္ကဌပါ ရှိတယ်။ မီးရှို့တာ အခု ကျွန်တော့်ရှေ့မှာကို ရှို့နေတာ။လုပ်နေတုန်းပဲ။ ပွင့်လင်းမြင်သာမှုရှိတယ်။သတင်းမီဒီယာတွေလာပြီး ဓာတ်ပုံရိုက်လည်းရတယ်။ ၂၀၂၀ဟာ ရှို့ကြည့်ပါလား ထောင် အနှစ်(၂၀) (၃၀) လောက် ကျသွားမယ် " လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက Duwun ကို ပြောပါတယ်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ်များ ၊ မဲရုံသုံးပစ္စည်းများ ၊ အထောက်အကူပစ္စည်းများ ၊ စာရေးကိရိယာများနဲ့ရွေးကောက်ပွဲဆိုင်ရာစာရွက် စာတမ်း များကို နည်းဥပဒေ၈၆(ခ)ပါ ပြဌာန်းချက်အရ ကာလစည်းကမ်း ကျော်လွန်ပြီးဖြစ်လို့ မဲဆန္ဒရှင်စာရင်းများ ပြန်လည်အသုံးပြုနိုင်သော မဲရုံးသုံးပစ္စည်းများကို ဆယ်တင်အသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအလိုက် ဆယ်တင်/ဖျက်ဆီးရေးအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဒီဇင်ဘာလ ၂၈ရက်က အကြောင်းကြားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပုဒ်မ၈၆(ခ)ရဲ့ ပြဌာန်းချက်အရ ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်ပါရှိပြီး ဖျက်ဆီးဖို့မပါတဲ့အတွက် လက်ရှိမှာ ၂၀၂၀ရွေးကောက်ပွဲမဲရလဒ် သံသယဖြစ်ပေါ်နေချိန်ဖြစ်တဲ့အတွက် ဒီဖျက်ဆီးမှုတွေကို ခေတ္တဆိုင်းငံ့သင့်တယ်လို့ USDPပါတီက ဇန်နဝါရီလ ၆ရက်က ထုတ်ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က