• Featured

    အင်ဒိုနီးရှား ဆူလာဝေစီကျွန်းမှာ အင်အားပြင်းငလျင်လှုပ်မှုကြောင့် ၄၅ ဦးထက်မနည်း သေဆုံး

ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးအန္တရာယ်ကင်းရန် ၎င်းတို့ရဲ့နေအိမ်များမှ ထွက်ပြေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၄၅ ဦး သေဆုံးကာ ၈၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ပါတယ်။

image

(Photo: AP)

ငလျင်ဟာ Majene မြို့ရဲ့ အရှေ့မြောက်ဘက် ၃.၇ မိုင်အကွာ မြေအောက်အနက် ၆ မိုင်အကျော်မှာ ဗဟိုပြုပြီး ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်ပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးအန္တရာယ်ကင်းရန် ၎င်းတို့ရဲ့နေအိမ်များမှ ထွက်ပြေးခဲ့ကြပြီး လူဦး‌ရေ ၁၅,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။

ယခု ငလျင်ကြောင့် ဆူနာမီရေလှိုင်း သတိပေးချက် မထုတ်ပြန်ခဲ့ရပေမဲ့ ငလျင်လှုပ်မှုဟာ ပြင်းထန်ခဲ့ပြီး ခုနစ်စက္ကန့်ကြာခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဌာနရဲ့ ထုတ်ပြန်ချက်အရ ဟိုတယ်တစ်လုံး၊ အနောက်ဆူလာဝေစီ အုပ်ချုပ်ရေးမှူးရုံးနဲ့ နေအိမ် ၆၀ ထက်မနည်း ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

"ကျွန်တော်တို့ နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ Mamuju မြို့မှာ လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်၊ အပျက်အစီးတွေအောက်မှာ လူအများအပြား သေဆုံးခဲ့ သို့မဟုတ် ပိတ်မိနေခဲ့ကြပါတယ်၊ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ပါတယ်" လို့ ဒေသခံ‌ ဘေးအန္တရာယ်ဆိုင်ရာဌာန အကြီးအကဲ Ali Rahman က ပြောပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ချက်အရ ငလျင်ကြောင့် လူဦးရေ ၁၁၀,၀၀၀ ရှိတဲ့ Mamuju မြို့ရဲ့တောင်ဘက် ဧရိယာမှာလည်း လူရှစ်ဦး သေဆုံးခဲ့ကြောင်းသိရပြီး သေဆုံးသူအရေအတွက်ဟာ ယနေ့ ညနေပိုင်းအထိ ၃၄ ဦးရှိလာခဲ့ပါတယ်။

(Photo: EPA)

ယခု ငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာဒေသမှာပင် ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ကလည်း ရစ်ချစ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး နေအိမ်များ အပျက်အစီးဖြစ်ပေါ်ခဲ့ပါတယ်။ ပစိဖိတ်မီးကွင်းနေရာမှာ တည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုတွေ ပုံမှန်ကြုံရလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် ဆူလာဝေစီရှိ ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ရာ လူဦးရေ ထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က