ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLDပါတီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ကိုယ်စားလှယ် တွေဟာ ဒီကနေ့ (ဇန်နဝါရီလ ၁၅ ရက်) မနက် ၁၀ နာရီက၊ရှမ်းပြည်နယ် တောင်ကြီးမြို့က NLD ရုံးမှာ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
SNLD ပါတီကတော့ NLD ကသာ တာဝန်ပေးအပ်လာခဲ့မယ်ဆိုရင် လုပ်ဆောင်သွားဖို့အဆင်သင့်ရှိတယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပြီးမှာ SNLD ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့် က ပြောဆိုလိုက်ပါတယ်။
"ကျွန်တော်ဘက်ကတော့ အတတ်နိုင်ဆုံး NLD ဘက်က တာဝန်ပေးမယ်ဆိုရင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ပြောခဲ့တာရှိတယ်။ နေရာတိုဘာတို့ကတော့ဘယ်နေရာရယ်လို့ အတတ်တော့ပြောလို့မရဘူး။တကယ်လို့ NLD သီးသန့်တွေ့ဆိုလည်းတွေ့ပေါ့ ကျွန်တော် တိုက်တွန်းတယ် ၊တကယ်လို့ ကျွန်တော်ကို ပူးပေါ င်း ပါဝင်ပြီးလုပ်ဆောင်စေချင်တယ်ဆိုလဲ လုပ်ဆောင်ပေးဖို့ရှိပါတယ်။ ကျွန်တော်ကိုတာဝန်ပေးမယ်ဆိုရင် လုပ်ဆောင်ဖို့ အဆင်သင့်ပါ"လို့ ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။
ဓာတ်ပုံ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ
SNLD ပါတီနဲ့ NLD ပါတီ နှစ်ခု ဒီကနေ့ တွေ့ဆုံမှုမှာ ဆွေးနွေးမှုရလဒ်က အင်မတန်ကောင်းမွန်တယ်လို့ဆိုပါတယ်။ SNLD ပါတီနဲ့ NLD ဆိုတာဟာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကာလ ကတည်းက အတူတူအလုပ်လုပ်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀၁၅ မှာ အကြောင်းအမျိုးမျိုးကြောင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
" ၂၀၁၅တုန်းကတော့အကြောင်းအမျိုးမျိုးကြောင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူး။ ဆိုတော့ဒီတခေါက်ကတော့ ကျနော်တို့အမျိုးသားညီညွတ်ရေးတည်ဆာက်တဲ့ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ဆောင်မယ့်ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်မြင်ပါ တယ်။" ဦးစိုင်းကျော်ညွှန့်ကပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲကို SNLD ဘက်က ကိုယ်စားလှယ် ၃ ဦး တက်ရောက်ပြီး၊ NLD ဘက်က ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့ကတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း၊NLD နဲ့ SNLD ပါတီက တာဝန်ရှိသူတွေဟာ အရင်ရက်တွေကလည်း အလွတ်သဘောတွေ့ဆုံမှုနှစ်ကြိမ်အထိရှိထားတယ်လို့ ပြောပါတယ် ။
SNLD က နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ၁၃ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ၂ နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာ ၂၆ နေရာ အထိ အနိုင်ရရှိခဲ့ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share