Apple ကလည်း Foldable iPhone တစ်မျိုး စပြီး ထုတ်လုပ်နေပြီလို့ သတင်းတွေ ထွက်နေပါတယ်။
Bloomberg သတင်းအရ Apple ဟာ ရှေ့ပြေးနမူနာပုံစံ Foldable display တစ်ခု လုပ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နမူနာပုံစံ Foldable Screen မှာ မမြင်နိုင်တဲ့ ပတ္တာတစ်ခု ပါမယ်လို့ Bloomberg သတင်းက ဖော်ပြထားပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက Foldable iPhone တစ်လုံးအတွက် နည်းပညာမူပိုင်ခွင့်တင်ထားတာ ဖြစ်ပေမယ့် အခုထိတော့ မိတ်ဆက်မယ့် အစီအစဉ်တစ်ခုမှ ကြေညာခြင်း မရှိသေးပါဘူး။

စိတ်ကူးဒီဇိုင်း (Photo: mactrast)
Apple ရဲ့ ရှေ့ပြေးနမူနာပုံစံ Foldable Screen ဟာ ဖြန့်ထားချိန်မှာ iPhone 12 Pro Max ရဲ့ အရွယ်အစားခန့် ရှိမှာ ဖြစ်ပြီး Screen Size အမျိုးမျိုး ထုတ်ဖို့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။Apple ရဲ့ အစဉ်အလာအတိုင်း ထုတ်ကုန်သစ်အကြောင်းကို နောက်ဆုံးအချိန်အထိ လျှို့ဝှက်ထားနေဆဲ ဖြစ်ပါတယ်။ ဒီ ခေါက်သိမ်းနိုင် iPhone ဟာ လက်ရှိ ဈေးကွက်ထဲ ရောက်နေတဲ့ Samsung နဲ့ Motorola ထုတ် Foldable Phones တွေကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဒီနှစ်ထဲမှာတော့ Apple foldable iPhone ကို မြင်ရဖို့ မရှိပါဘူး။ သတင်းအရင်းအမြစ်တွေအရလည်း Apple ဟာ ဒီနှစ် iPhone တွေမှာ အပြောင်းအလဲ ကြီးကြီးမားမား လုပ်သွားဖို့ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၂၁ မော်ဒယ် iPhone တွေမှာ အပြောင်းအလဲအနေနဲ့ in-screen fingerprint sensor သုံးလာဖို့တော့ ရှီပါတယ်။ အခုထိတော့ ဒီသတင်းကလည်း အတည်ပြုလို့ မရသေးပါဘူး။
iPhone တွေနဲ့ ဆက်စပ်တဲ့ သတင်းတစ်ခုက Apple ဟာ တချို့ iPhone မော်ဒယ်တွေမှာ Lightning port ဖယ်ရှားသွားပြီး wireless charging ပဲ သုံးလို့ရအောင် ထုတ်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းတွေကလည်း ဆက်ပြီး စောင့်ကြည့်ရမယ့် သတင်းတွေအဖြစ် ရှိနေမှာပါ။