ကိုဗစ်ကာလအတွင်း ည(၁၂)နာရီကနေ မနက် (၄)နာရီအထိ ညမထွက်ရအမိန့်သတ်မှတ်ထားရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း (၂)လ ထပ်တိုးခဲ့ပါတယ်။
ဇန်နဝါရီလ (၁၅)ရက်ကနေ မတ်လ (၁၅)ရက်နေ့ ထိ သက်တမ်းထပ်တိုးကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
“ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း နောက်ထပ် (၂)လထပ်ပြီးသက်တမ်းတိုးတာ။ အရင်သတ်မှတ်ကာလပြည့်ပြီဆိုတော့ထပ်တိုးတဲ့သဘောပါ။ ကျွန်တော်တို့မြို့နယ်မှာဆိုရင်လည်း ညမထွက်ရအမိန့်နဲ့ ပတ်သက်လို့ ညစဉ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ကင်းလှည့်စစ်ဆေးပြီး အရေးယူမှုတွေရှိပါတယ်”လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။
ကိုဗစ်ကာလမှာ ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ရန်အတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်ထဲမှာ ညမထွက်ရအမိန့်လည်းပါဝင်ပြီး အရေးကြီးကျန်းမာရေးကိစ္စတွေကလွဲပြီး ကိုယ်ရေးကိုယ်တာအကြောင်းပြချက်နဲ့ ထွက်ရှိမှုတွေကိုတော့ မြို့နယ်အလိုက် စစ်ဆေးအရေးယူမှုတွေရှိပါတယ်။
ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ကိုဗစ်ပထမလှိုင်းစတင်ဖြစ်ပွါးခဲ့စဉ်ကတည်းက သတ်မှတ်ခဲ့ရာမှာ လက်ရှိကာလထိဖြစ်ပြီး နောက်ထပ် သက်တမ်း (၂)လ ထပ်တိုးခဲ့တာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေအားလုံးကိုတော့ ဇန်နဝါရီလကုန်ထိ သတ်မှတ်ထားပါတယ်။